PDF အတွက် လက်နက်ကုန်ကြမ်း ဖြစ်လာသည့် မိုင်တဲ တာဝါတိုင်များ 

PDF အတွက် လက်နက်ကုန်ကြမ်း ဖြစ်လာသည့် မိုင်တဲ တာဝါတိုင်များ 

ဇန်နဝါရီ ၁၁

“မင်းအောင်လှိုင်ရေ--- တော်လှန်ရေးအတွက်အသုံးဝင်တဲ့ ပစ္စည်းတွေကို ခုလိုမျိုး ပြင်ဆင်ပေးထားတဲ့အတွက် PDF တစ်ရပ်လုံးက ကျေးဇူးတင်ပါတယ် မင်းအောင်လှိုင်ရေ အမျှ..အမျှ...အမျှ”  စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဒေသတစ်ခုအတွင်းရှိ မိုင်တဲတာဝါတိုင် လဲကျခါနီး ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ခုမှ တပ်သားများက သံပြိုင်ဟစ်အော်နေကြခြင်းဖြစ်သည်။ 

စစ်တပ်မှ အာဏာသိမ်းပြီး လေးလခန့်အကြာ မေလမှ စတင်ကာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်မိသားစု ပါဝင်ဆက်နွှယ်နေသည့် မိုင်တဲဆက်သွယ်ရေး တာဝါတိုင်များသည် ဒေသခံတော်လှန်ရေးသမားများအတွက် ပစ်မှတ်ဖြစ်လာခဲ့သည်။ 

လက်နက်ကိုင် တော်လှန်ရေး အစကာလများတွင် ထိုမိုင်တဲတာဝါတိုင်များအား ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင် ဖောက်ခွဲဖျက်ဆီးမှု မပြုနိုင်ပေ။ 

မိုင်းများထောင်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲကာ ဖောက်ခွဲပြီးသည်နှင့် တော်လှန်ရေးတပ်သားများ ထိုနေရာမှ စွန့်ခွာကြရသည်။ 

ဖောက်ခွဲပြီး နာရီပိုင်းအတွင်း စစ်ကောင်စီလက်နက်ကိုင်ရဲနှင့် စစ်သားများ ရောက်လာခြင်းကြောင့်ဖြစ်သည်။ 

ယမန်နေ့ ဇန်နဝါရီလ ၉ ရက်နေ့တွင် မိုင်တဲတာဝါတိုင်အား ဖျက်ဆီးရာတွင် နေ့လယ်ခင်း လူမြင်ကွင်းတွင် တော်လှန်ရေးတပ်သားများက သီချင်းတကြော်ကြော်ဖြင့် အေးဆေးစွာ ဖြိုလှဲနေကြသည်ကို တွေ့ရသည်။ 

လဲကျသွားသည့် မိုင်တဲတာဝါတိုင်မှ အစိတ်အပိုင်းများကိုလည်း တစ်စစီ ဖြုတ်ယူနေကြခြင်းဖြစ်သည်။ 

“စစ်တပ်ပိုင် မိုင်တဲတာဝါတိုင်ကရတဲ့ သံပိုက်၊သံလုံးတွေဟာ ကျွန်တော်တို့ ကိုင်နေတဲ့ လက်နက်တွေရဲ့ ကုန်ကြမ်းတွေဗျ “ဟု မိုင်တဲတာဝါတိုင်ဖြိုချမှုတွင်ပါဝင်သည့် Golden Triangle Force မှ ကိုစိုင်းကပြောသည်။ 

ထိုမိုင်တဲတာဝါတိုင်မှ ရရှိသည့် အစိတ်အပိုင်းများအား စစ်ကောင်စီကို ခုခံတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်နက်တီထွင်မှုနှင့် မိုင်းထုတ်လုပ်မှုတွင်အသုံးပြုကြောင်း ကိုစိုင်းက ရှင်းပြသည်။ 

“တိုင်တစ်ခုလုံးမှာပါတဲ့ သံတို၊ သံစကအစ ဝါယာကြိုးတွေအဆုံး အသုံးမဝင်တာ တစ်ခုမှ မရှိဘူး။  ကျွန်တော်တို့အတွက် အကုန်အသုံးဝင်တယ် “ဟု ၎င်းကပြောသည်။ 

ထိုသို့ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခံနေရသည့် စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်အတွက် ဆုံးရှုံးမှုက ထိုမျှ မကသေးပေ။ 

“ရန်သူ့လက်နက် ကိုယ့်လက်နက် ရန်သူ့ပစ္စည်း ကိုယ့်ပစ္စည်း အဲ့တာကြောင့် စစ်တပ်အပိုင်ဖြစ်တဲ့ မိုင်တဲတာဝါတိုင်ကရတဲ့ သံပိုက်သံလုံးတွေဟာ ကျွန်တော်တို့ကိုင်နေတဲ့လက်နက်တွေရဲ့ ကုန်ကြမ်းတွေဗျ “ဟု ၎င်းကဆက်ပြောသည်။ 

ဒီဇင်ဘာလအစပိုင်းတွင် စစ်ကောင်စီမှထုတ်ပြန်လာသည့် စာရင်းများအရ တစ်နိုင်ငံလုံးတွင် မိုင်တဲတာဝါတိုင် ဖျက်ဆီးခံရသည့် တိုင်ပေါင်း ၃၆၀ ရှိပြီဖြစ်ကြောင်းသိရသည်။ 

ထိုမိုင်တဲတာဝါတိုင်တစ်ခုအတွက် တန်ကြေးသည် ကျပ်သိန်း ၂,၀၀၀ ခန့်တန်ကြောင်း မိုင်တဲအင်ဂျင်နီယာ အသိုင်းအဝိုင်းထံက သိရသည်။ 

“ကျွန်တော်တို့ ဒေသမှာတော့ မိုင်တဲတာဝါတိုင် မရှိသလောက်ကိုဖြစ်နေပြီ ။ ကျွန်တော်တို့ တစ်ဖွဲ့ထဲတင်ကို မိုင်တဲတိုင် ခြောက်တိုင်ကျော်လောက်ထိ ဖျက်ဆီးပြီးပြီ “ဟု Golden Triangle Force မှ ကိုစိုင်းကပြောသည်။

ထို့ကြောင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်သားများ ပစ်မှတ်ထား လုပ်ဆောင်သည့် မိုင်တဲတာဝါတိုင်မစ်ရှင်သည် တစ်ချက်ခုတ်  နှစ်ချက်ပြတ်  အကျိုးရှိသည့် အစီအစဉ် ဖြစ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly