ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၇ စင်း ထပ်မံကျူးကျော်ဝင်ရောက်

11 January 2022
ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၇ စင်း ထပ်မံကျူးကျော်ဝင်ရောက်

တရုတ်စစ်တပ်၏ စစ်လေယာဉ် ၇ စင်းသည် ထိုမ်ဝမ်ကျွန်း၏ လေကြောင်း ရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဇန်နဝါရီ ၄ရက်က ထပ်မံဝင်ရောက်လာခြင်းဖြင့် နောက်ထပ်ကျူးကျော်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ထိုင်ဝမ်က ထုတ်ပြန်ခဲ့သည်။

တရုတ် လေတပ် (PLAAF) မှ Shenyang J-16 တိုက်လေယာဉ် ၅ စင်း၊ Shaanxi Y-8 အီလက်ထရွန်နစ် စစ်ပွဲလေယာဉ် ၁ စင်းနှင့် Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး လေယာဉ် ၁ စင်းတို့သည် ထိုင်ဝမ် ADIZ ဇုန်၏ အနောက်တောင်ဘက်ထောင့်သို့ ပျံသန်းခဲ့ကြောင်း ထိုင်ဝမ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်က လေယာဉ်များ စေလွှတ်ခြင်း၊ ရေဒီယို သတိပေးချက်များ ထုတ်လွှင့်ခြင်းနှင့် PLAAF လေယာဉ်များကို ခြေရာခံရန် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ ချထားခဲ့ကြောင်း Taiwan News သတင်းတွင် ဖော်ပြသည်။

ဇန်နဝါရီလတွင် ယခုအချိန်ထိ ထိုင်ဝမ်၏ သတ်မှတ်ဇုန်အတွင်းသို့ တရုတ်လေယာဉ် စုစုပေါင်း ၉ စင်းကို တွေ့ရှိထားပြီး တိုက်လေယာဉ် ၅ စင်းနှင့် ကင်းထောက်လေယာဉ် ၄ စင်းတို့ဖြစ်သည်။

၂၀၂၀ပြည့်နှစ် စက်တင်ဘာလမှ စတင်ကာ တရုတ်က ထိုင်ဝမ်၏ ADIZ ဇုန်အတွင်းသို့ လေယာဉ်များ ပုံမှန် စေလွှတ်ခြင်းဖြင့် မီးခိုးရောင်ဇုန် နည်းဗျူဟာများကို တိုးမြှင့်အသုံးပြုခဲ့ပြီး ဇုန်၏ အနောက်တောင်ထောင့်တွင် ကျူးကျော်မှု အများဆုံး ဖြစ်ပွားခဲ့သည်။

လေကြောင်း ရန် ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) သည် နိုင်ငံတစ်နိုင်ငံ၏ လေပိုင်နက်နှင့် ကပ်နေသည့် ဧရိယာတစ်ခုဖြစ်သည်။ ယင်းနေရာသို့ ဝင်ရောက်လာသည့် လေယာဉ်များအား အတည်ပြုနိုင်ရန် လေကြောင်း ထိန်းချုပ်ရေးဌာနက မေးမြန်းသည့်နေရာဖြစ်သည်။

နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံအား အန္တရာယ်ဖြစ်စေအောင် ပြုလုပ်ခြင်းကို မီးခိုးရောင်ဇုန် ပဋိပက္ခများဟု ခေါ်ပြီး တစ်ခါတစ်ရံတွင် စစ်မြှူခြင်းဟု ယူဆနိုင်သော်လည်း တရားဝင် စစ်ပွဲဖြစ်ပွားခြင်း မဟုတ်ပေ။

၂၀၂၀ခုနှစ်တွင် ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်စလုံးတွင် နိုင်ငံရေးဆိုင်ရာအခြေအနေ တင်းမာမှုများ မြင့်တက်နေသဖြင့် ကျူးကျော်ပျံသန်းမှုအရေအတွက် ပိုမိုတိုးလာဖွယ်ရှိကြောင်းလည်း Taiwan News သတင်းက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly