ဇန်နဝါရီ ၉၊ လန်ဒန် ။ ။ တိုက်စစ်မှူး ဟယ်ရီကိန်း ကိုရောင်းချမည်မဟုတ်ဟု စပါးနည်းပြပိုချက်တီနိုက အခိုင်အမာပြောဆိုလိုက်သည်။ အင်္ဂလန်လူငယ်ခြေတက် တိုက်စစ်မှူး ဟယ်ရီကိန်းကို ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေခြင်းမှာလည်း အံ့သြစရာမဟုတ်ဟု ပိုချက်တီနိုက ဆိုသည်။
အသက် ၄၃ နှစ်ရှိ အာဂျင်တီးနားလူမျိုးနည်းပြပိုချက်တီနိုက "ကျွန်တော်တို့သူ့ကိုရောင်းမှာမဟုတ်သလို ဟယ်ရီကလည်း ကျွန်တော်တို့နဲ့ပဲ ဆက်နေချင်ပါတယ်"ဟု ပြောသည်။
အသက် ၂၂ အရွယ်ရှိ ကိန်းသည် ယခုနှစ်ရာသီတွင် ၁၃ ဂိုးသွင်းပြီး စပါးအသင်းကို ပရီးမီးယားလိဂ်အဆင့် ၄ နေရာရောက်အောင် ကူညီပေး ထားသည်။
၎င်းသည်ပြီးခဲ့သည့်နှစ်က နိုင်ငံနှင့်ကလပ်အတွက် ၃၂ ဂိုးသွင်းနိုင်သည့်ခြေစွမ်းမျိုးပြန်ရအောင်လည်း ကြိုးစားနေသူဖြစ်သည်။ စပါးအသင်း၌ အသက် ၁၁ နှစ်အရွယ်ကတည်းကရှိနေသည့် ကိန်းသည် ဂါရတ်ဘေးလ်နှင့် မိုဒရစ်တို့ကဲ့သို့ ရီးယဲလ်မက်ဒရစ်သို့ပြောင်းသွားလိမ့်မည်ဟု နည်းပြပိုချက်တီနိုက မျှော်လင့်ထားခြင်းမရှိပေ။ ဆောက်သမ်တန်နည်းပြဟောင်း ပိုချက်တီနိုက "သတင်းတွေထွက်နေ တာတော့ မတွေ့မိပါဘူး။ ဒါပေမဲ့ အံ့သြစရာလည်းမဟုတ်ပါဘူး။ ဟယ်ရီက ဥရောပ ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ။
သူ့ကိုအသင်းကြီးတစ်ချို့ကစိတ်ဝင်စားတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပေမယ့် ကောလာဟလတွေသာဖြစ်ပါတယ်။ သူကရောင်းဖို့မဟုတ်သလို အသင်းမှာသူဆက်နေချင် တာကလည်း ကောင်းတဲ့ ကိစ္စပါ"ဟု ပြောသည်။
Ref; BBC