သရုပ်ဆောင်ပိုင်ဖြိုးသုကိုယ်တိုင် ထိုးထားသော သိုးမွေးဆွယ်တာ ပိုင်ဆိုင်ရ၍ မျက်ရည်ဝဲရသည့် ရဲဘော်အမျိုးသမီး

သရုပ်ဆောင်ပိုင်ဖြိုးသုကိုယ်တိုင် ထိုးထားသော သိုးမွေးဆွယ်တာ ပိုင်ဆိုင်ရ၍ မျက်ရည်ဝဲရသည့် ရဲဘော်အမျိုးသမီး

ဇန်နဝါရီလ ၁၀ ရက်

ရေဦးမြို့ပြပြောက်ကျားအဖွဲ့ (YUG)၏ အမျိုးသမီးရဲဘော်တစ်ဦးသည် သရုပ်ဆောင် ပိုင်ဖြိုးသုကိုယ်တိုင် ဖန်တီးထားသည့် သိုးမွေးဆွယ်တာအား လက်ဆောင်ရရှိခဲ့ကြောင်း အဖွဲ့မှ ထုတ်ပြန်ထားသည်။

သရုပ်ဆောင်ပိုင်ဖြိုးသုမှလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

သရုပ်ဆောင်ပိုင်ဖြိုးသုပေးပို့သည့် ထိုလက်ဆောင်ကို ရေဦးမြို့ပြပြောက်ကျားအဖွဲ့ရှိ အမျိုးသမီးရဲဘော်များအား ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မဲနှိုက်သည့်စနစ်ဖြင့် ရွေးချယ်စေခဲ့ရာ ကံထူးရှင် အမျိုးသမီးရဲဘော်တစ်ဦးမှ ရရှိခဲ့ခြင်းဖြစ်သည်။

“အစတုန်းကတော့ ကိုယ်ပေါက်မှန်းလည်းမသိဘူး၊ အရေးတော်ပုံ အောင်ရမယ် ဆိုတဲ့မဲလေးပဲပါတာလေ၊ ကိုယ်ပေါက်မှန်းမသိတဲ့အခါကြတော့ အစပိုင်းက ဘယ်သူပေါက်တာလဲဆိုပြီးစဥ်းစားမိတယ်။ နောက်မှ ကိုယ်ပေါက်တယ်ဆိုတော့ အရမ်းပျော်သွားတယ်။ တော်တော်ကို ကြည်နူးမိတယ်။ မျက်ရည်တွေတောင်ဝဲသွားပါတယ်”ဟု မဲပေါက်သွားသည့် ကံထူးရှင်အမျိုးသမီးရဲဘော်က မဇ္ဈိမကို ပြောပြသည်။

သရုပ်ဆောင် ပိုင်ဖြိုးသုပေးသည့် လက်ဆောင်ထုတ်ထဲတွင် သိုးမွေးဆွယ်တာအပြင် ခေါင်းစည်းကြိုးနှင့် သူမကိုယ်တိုင်ရေးထားသည့် စာတစ်စောင်လည်း ပါဝင်သည်။

ထိုစာထဲတွင် “ကိုယ်တိုင်ထိုးထားတဲ့ သိုးမွေးဆွယ်တာလေး လက်ဆောင်ပေးခွင့်ရတဲ့အတွက် တကယ်ဂုဏ်ယူပါတယ်။ စွန့်လွှတ်အနစ်နာခံပေးမှုတွေ အားလုံးအတွက် ကျေးဇူးပါ။ ဘေးကင်းကျန်းမာအောင် နေပေးပါနော်။”ဟု ရေးသားထားခြင်းဖြစ်သည်။

အင်မတန်သဘောကျရသော အနုပညာရှင်ကပေးသည့် တစ်ထည်တည်းသော ဆွယ်တာအား လက်ခံရရှိသည့်အပေါ် မျက်ရည်ပင်ဝဲသည်အထိ ပျော်ရွှင်ကြည်နူးခဲ့ရကြောင်း ထိုအမျိုးသမီးရဲဘော်က ပြောပြီး သရုပ်ဆောင်ပိုင်ဖြိုးသုအားလည်း ကျေးဇူးတင်စကားပါးလိုက်သေးသည်။

“အရမ်းကြိုက်တာပေါ့အမရယ်။ တန်ဖိုးမဖြတ်နိုင်အောင်ကို ကြိုက်တယ်။ ကိုယ်တွေက တောထဲမှာ ရောက်နေတာလေ၊ အခုလိုမျိုး ကိုယ်အရမ်းအားပေးတဲ့အနုပညာရှင်တစ်ယောက်က သူကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာလေးရယ် ခေါင်းစည်းကွင်းလေးရယ်ရတော့ ပျော်လည်းပျော်တယ်၊ တန်ဖိုးလည်းထားတယ်။ မပိုင်ဖြိုးသုကို အရမ်းလည်းကျေးဇူးတင်တယ်။ ဒီထက်မက အောင်မြင်ပါစေ။ အခုလိုမျိုး ဆွယ်တာလေးထိုးပေးထားတဲ့အတွက် မပိုင်ဖြိုးသုလည်း ဝမ်းသာနေမယ်လို့ထင်ပါတယ်။ ကျွန်တော်လည်း အရမ်းဝမ်းသာပါတယ်။ မပိုင်ဖြိုးသုမိသားစုလည်း အဆင်ပြေပါစေ ချောမွေ့ပါစေ။ တော်လှန်ရေးပြီးသွားတဲ့အခါကျရင်လည်း မပိုင်ဖြိုးသုရဲ့ ရုပ်ရှင်ဇာတ်ကားတွေကို အမြဲတမ်းအားပေးနေမှာပါ။ အရင်ကတည်းကလည်း အားပေးပြီးသားလေ။ ကိုယ်အရမ်းကြိုက်တဲ့အနုပညာရှင် လက်နဲ့ကိုယ်တိုင်ထိုးထားတဲ့အနွေးထည်လေးဝတ်ခွင့်ရတော့ အရမ်းလည်း ကြည်နူးမိတယ် အတိုင်းမသိပါပဲ” ဟု သူမက မဇ္ဈိမကတစ်ဆင့် ကျေးဇူးတင်စကားပါးသည်။

သရုပ်ဆောင် ပိုင်ဖြိုးသုက ရာသီဥတုအေးစပြုလာသည့်အချိန်တွင် မြေပြင်ရှိ အမျိုးသမီးရဲဘော်များအား လက်ဆောင်ပေးချင်သောကြောင့် အချိန် သုံးပတ်ခန့်ယူကာ ထိုသိုးမွေးဆွယ်တာနှင့် ခေါင်းစည်းကွင်းတို့ကို ကိုယ်တိုင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုလက်ဆောင်ပစ္စည်းအား ၂၀၂၁ ခုနစ် နိုဝင်ဘာလ ကတည်းက အဆင့်ဆင့်ကြိုးစားပို့ဆောင်ခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလ ဒုတိယအပတ်မှသာ ရေဦးမြို့ပြပြောက်ကျားအဖွဲ့ထံ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သို့သော် မြေပြင်စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ယခုကဲ့သို့ လက်ဆောင်ပေးနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူထံမှ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required