ပါကစ္စတန်တွင် ဘာလိုချီစတန်ဒေသသည် အမျိုးသမီးများ ပညာရေးအတွက် အပစ်ပယ်ခံထားရဆုံး ပြည်နယ် ဖြစ်နေ

By Latestly
10 January 2022
ပါကစ္စတန်တွင် ဘာလိုချီစတန်ဒေသသည် အမျိုးသမီးများ ပညာရေးအတွက် အပစ်ပယ်ခံထားရဆုံး ပြည်နယ် ဖြစ်နေ

ပါကစ္စတန်နိုင်ငံ၏ ပြည်နယ် ၄ခုအနက် ဘာလိုချီစတန်ပြည်နယ်သည် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ခန့်ထားမှုပိုင်းတွင် အပစ်ပယ်ခံထားရဆုံး ပြည်နယ် ဖြစ်နေပြီး ယင်းပြည်နယ်၌ အမျိုးသမီး ၂၄ ရာခိုင်နှုန်းကသာ စာတတ်မြောက်ကြသည်။

ဘာလိုချီစတန်ရှိ မိန်းကလေးများ၏ ၇၆ ရာခိုင်နှုန်းသည် ကျောင်းပြင်ပတွင် ရှိနေပြီး မူလတန်းကျောင်းအပ်နှံသည့် မိန်းကလေး ၃၂၂,၀၀၀ ဦးအနက် ၂၀,၀၄၆ ဦးသာ တက္ကသိုလ်ဝင်တန်း ပြီးမြောက်သည့်နောက်ပိုင်းအထိ ဆက်လက်ပညာသင်ယူကြသည်ဟု NGO အဖွဲ့တစ်ခုကို ကိုးကား၍ Pakistan Today သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် ဘာလိုချီစတန်သည် လူဦးရေ ၁၂ ဒသမ ၃၄ သန်းနှင့်အတူ အရင်းအမြစ် ပေါအကြွယ်ဝဆုံး ပြည်နယ်ဖြစ်သော်လည်း အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် ခန့်ထားမှုပိုင်းတွင် ပြည်နယ် ၄ခုစလုံးအနက် အပစ်ပယ်ခံထားရဆုံး ဖြစ်နေဆဲဖြစ်သည်ဟု အဆိုပါ သတင်းစာတွင် ရေးသားထားသည်။

ပညာရေးက အခြေခံကျသည့် လူသားလိုအပ်ချက်တစ်ခုအဖြစ် ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းတွင် ကြေညာထားသော်လည်း ယင်းပြည်နယ်တွင် အထူးသဖြင့် မိန်းကလေးများသည် ပညာရေးဆိုင်ရာ အထောက်အပံ့ အဆောက်အအုံများ လိုအပ်ချက်ကြောင့် ခက်ခဲသည့် အချိန်ကာလများကို ဖြတ်သန်းနေကြရသည်။

ဘာလိုချီစတန်၏ ဆင်းရဲမှု အချိုးသည်လည်း ဆိုးရွားသော အခြေအနေမှ အဆိုးဆုံး အခြေအနေကို ဦးတည်နေသည်။

ပါကစ္စတန်တွင် လူဦးရေ အနည်းဆုံး ၃၇ ရာခိုင်နှုန်းခန့်သည် အာဟာရ ချို့တဲ့မှုကို ခံစားနေရသည်ဟု ဘာလိုချီစတန်ပြည်နယ် လွှတ်တော်ရှိ အမျိုးသမီးပါလီမန်အမတ်များ ဖိုရမ် ဥက္ကဋ္ဌ ဒေါက်တာ ရူဘာဘာ ခန်း ဘူလီဒီက ပြောခဲ့ပြီး ယခုအခါ ဘာလိုချီစတန်တွင် ၅၀ ရာခိုင်နှုန်းနီးပါးသို့ မြင့်တက်နေကြောင်း ပြောခဲ့သည်။

အာဟာရ ဆိုင်ရာ စစ်တမ်းတစ်ရပ်အရ ကလေးငယ် ၃ ပုံ ၁ပုံကျော်သည် နိုင်ငံတွင် အာဟာရ ချို့တဲ့မှု၏ ဖိစီးမှုဒဏ်ကို ခံနေကြရပြီး အဆိုပါ ကလေးများအနက် အများစုက ဆင်းန် နှင့် ဘာလိုချီစတန် ပြည်နယ်များမှ ဖြစ်ကြောင်း Express Daily က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly