ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတျေးလျနိုင်ငံသားကို ပြန်လွှတ်ပေးရန် ဟွန်ဆန်တောင်းဆိုခဲ့

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတျေးလျနိုင်ငံသားကို ပြန်လွှတ်ပေးရန် ဟွန်ဆန်တောင်းဆိုခဲ့

ဇန်နဝါရီ ၁၀

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရေးအတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဏာသိမ်းစစ်ခေါင်းဆောင်ကို တောင်းဆိုခဲ့သည်ဟု သိရသည်။

ပါမောက္ခ ရှောင်တာနဲလ်ကို ပြန်လွှတ်ပေးရန်အတွက် သြစတြေးလျကိုယ်စား ဟွန်ဆန်က မြန်မာအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆော့ခွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

"ဒါက သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး က ဝန်ကြီးချုပ် ဟွန်ဆန်ထံ စာရေးသား ပေးပို့ပန်ကြားခဲ့မှုအတွက် လုပ်ဆောင်ခဲ့တာပါ၊ အဲဒီစာထဲမှာ မြန်မာမှာ သြစတြေးလျပါမောက္ခတစ်ဦး ထိန်းသိမ်းခံထားရတာနဲ့ စပ်လျဉ်းတဲ့ အကြောင်းအရာ ပါခဲ့ပါတယ်" ဟု ပရက်ခ် ဆော့ခွန်းက ပြောခဲ့သည်။

"တစ်ဘက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပန်ကြားချက်ကို အပြုသဘောဆောင်ပုံစံတစ်ခုနဲ့ လက်ခံခဲ့ပါတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘောဒီးယား သတင်းအေဂျင်စီ Agence Kampuchea Press ၏ သီးခြားဖော်ပြချက်တစ်ရပ်အရ ပါမောက္ခ တာနဲလ်၏ အမှုက တရားရုံး၌ တရားရင်ဆိုင်ရဆဲဖြစ်နေကြောင်း မင်းအောင်လှိုင်က ဟွန်ဆန်ကို ပြောခဲ့သည်ဟု ဆိုပြီး တရားရုံးလုပ်ငန်းစဉ် ပြီးစီးသည်နှင့်တပြိုင်နက် အပြုသဘောဆောင် အကြောင်းပြန်မှုတစ်ခု ပေးမည်ဟု ကတိပြုခဲ့သည်ဟု ဆိုသည်။

ပါမောက္ခ ရှောင်တာနဲလ်သည် သြစတြေးလျ စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးတစ်ဦးဖြစ်ခဲ့သည်။

၎င်းသည် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက် လေးရက်အကြာတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေတို့ ချိုးဖောက်မှုဖြင့် တရားစွဲခံထားရသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ အငြင်းပွားဖွယ်ရာ နှစ်ရက်တာခရီးစဉ်လာရောက်ခဲ့သည်။

ဟွန်ဆန်သည် ညှိနှိုင်းဆွေးနွေးမှုများကို ပြန်လည်ဖွင့်လှစ်ပေးရင်း မြန်မာအာဏာသိမ်းစစ်အုပ်စုကို တရားဝင်ဖြစ်စေအောင် လုပ်နေသည်ဟု လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲခဲ့ကြသည်။

သို့သော် မစ္စတာ ပရက်ခ် ဆော့ခွန်းက ၎င်းအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများကို အကောင်းမြင်ကြောင်းနှင့် မြန်မာ့အကျပ်အတည်းအတွက် အဖြေနည်းလမ်းတစ်ခု ရှာနိုင်မည်ဟု ယုံကြည်မှု ရှိကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required