လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ဇန်နဝါရီလ ၉ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း (၂၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင် (ခေါ်) ကုလား ဆိုသူသည် ဇန်နဝါရီလ ၈ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

“သေနတ် နှစ်လက်နဲ့ ဝင်ပစ်တယ်။ တစ်လက်က ရှစ်တောင့်လောက် ပစ်လိုက်တယ်၊ နောက်တစ်လက်က ၁၁ တောင့်လောက်ပစ်တယ်၊ သူတို့က အိမ်မှာ အမြဲလုံခြုံရေးယူထားတဲ့ လူတွေရှိတယ်။ ပျူစောထီး သင်တန်းဆင်းတွေလို့လည်း သိရတယ်။ ဝင်ပစ်တော့ ထိခိုက်မှုကိုတော့ သေချာ မသိရသေးဘူး၊ စုံစမ်းနေတုန်းဘဲ ရှိသေးတယ်" ဟု Spring Revolution Flames SRF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို GOD Of Death၊ Free Tiger Ranger အဖွဲ့နှင့် Spring Revolution Flames SRF အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ထပ်ပြောချင်တာက အုပ်ချုပ်ရေးမှူးတွေ အခုချိန်မှာ ဖြစ်နေတာတွေကို အကြောင်းပြပြီး ထွက်ကြပါလို့။ တစ်ချို့ဆိုရင် အတင်းအကျပ်ခိုင်းလို့ လုပ်ရတာတို့ ပြောတာတွေကြားတယ်။ အခုချိန်က ထွက်ဖို့ အချိန်ကောင်း၊ မထွက်ရင်တော့ ကျွန်တော်တို့က ရှင်းရမှာပဲ၊ နောက်တစ်ခုက ကျွန်တော်တို့ Mission တွေလုပ်ရင် မြင်လိုက်တဲ့ လူတွေရှိတယ်။ အဲ့အချိန်ကျရင် မသိသလို နေပေးပြီး အဲ့နေရာကနေ ထွက်သွားပေးပါ၊ အားပေးပါပေါ့။ ကျွန်တော်တို့က ပြည်သူတွေထိအောင် ဘယ်တော့မှ မလုပ်ပါဘူး၊ အမြဲ စောင့်ကြည့်နေတာပါ" ဟု ၎င်းကပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့ကလည်း လှိုင်သာယာမြို့နယ်၊ ရုံးရှေ့မှတ်တိုင်အနီး ယာဉ်ထိန်းရုံးဘေး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများအား ဝင်ရောက် ပစ်ခတ်ခဲ့ရာ စစ်သားနှစ်ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required