ပူတာအိုတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားဟု ကာကွယ်ရေးတပ်ထုတ်ပြန်

ပူတာအိုတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားဟု ကာကွယ်ရေးတပ်ထုတ်ပြန်

ဇန်နဝါရီလ ၉ ရက်

စစ်ရေးလှုပ်ရှားမှုလုပ်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပူတာအိုပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု PDF အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

ပူတာအိုမြို့အခြေစိုက် စစ်ကောင်စီ၏ ​ခြေလျင် တပ်ရင်း (၁၃၇)နှင့် (၁၃၈) တို့မှ တပ်ဖွဲ့ဝင် ၆၀ ခန့်ရှိသည့်အင်အားသည် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူကားကျေးရွာနှင့်ဖုန်ကျန်းကျေးရွာ အကြား ဇန်နဝါရီလ ၉ ရက်မနက်ပိုင်းမှ စစ်ရေးလှုပ်ရှားလာခဲ့သည့်အတွက် KIA တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့က ဆီးကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ရင်းမှ တပ်ဖွဲ့ဝင်များထိခိုက်မှုရှိနိုင်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များဘက်ကပြောသည်။

ပူတာအိုဒေသကိုအာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ခြေကုပ်ရယူနိုင်ရန်  ပူတာအိုအခြေစိုက် စစ်ကောင်စီတပ်ရင်တပ်ဖွဲ့ဝင်များက အခုလို တပ်ရင်းနှစ်ခုပေါင်းပြီး စစ်ရေးလှုပ်ရှားလာနေခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းစစ်ဘက်လေ့လာသူများကပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသတွင်း စစ်ကောင်စီတပ်ကိုလိုလားသော ပြည်သူ့စစ်များနှင့်တွေ့ဆုံရန်နှင့် ၎င်းမိသားစုတည်ထားသောဘုရားဖူးရန်ပါဝင်သည့် ခရီးစဉ်တစ်ခုအဖြစ် ပူတာအိုကိုသွားရောက်ရန် အစောပိုင်းကပင်စီစဉ်ခဲ့သော်လည်း လုံခြုံရေးစိတ်မချဆိုကာ ခရီးစဉ်ဖျက်သိမ်းမှုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required