ပါကစ္စတန်တွင် စစ်သွေးကြွတိုက်ခိုက်မှုများ မြင့်တက်လာ

ပါကစ္စတန်တွင် စစ်သွေးကြွတိုက်ခိုက်မှုများ မြင့်တက်လာ

တာလီဘန်တို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ယမန်နှစ် မေလမှ စတင်ခဲ့ချိန်တွင် ပါကစ္စတန်နိုင်ငံ၌ စစ်သွေးကြွတို့၏ တိုက်ခိုက်မှုများလည်း ၂၀၂၁ ခုနှစ် သြဂုတ်လတွင် အမြင့်ဆုံးသို့ ရောက်ရှိကြောင်း လေ့လာမှု တစ်ရပ်တွင် ဖော်ပြထားသည်။

ပဋိပက္ခနှင့် လုံခြုံရေးပိုင်း လေ့လာမှုဆိုင်ရာ ပါကစ္စတန် အင်စတီကျူ (PICSS) က လုပ်ဆောင်ခဲ့သည့် သုတေသနတစ်ခုအရ ပါကစ္စတန်၌ ၂၀၂၁ ခုနှစ်၏ တစ်လတည်းအတွင်း စစ်သွေးကြွတိုက်ခိုက်မှု ဖြစ်စဉ် ၄၅ ကြိမ် အများဆုံးမှတ်တမ်းတင်နိုင်ခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ တစ်လကြာ အပစ်ရပ်စဲမှုတစ်ခု ရှိသော်လည်း စစ်သွေးကြွ တိုက်ခိုက်မှုများ၏ ယေဘုယျ အရေအတွက်က ကျဆင်းမသွားခဲ့ကြောင်း PICSS ၏ အစီရင်ခံစာတွင် ပြောထားသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်တွင် တစ်လလျှင် စစ်သွေးကြွ တိုက်ခိုက်မှု ပျမ်းမျှအရေအတွက်က ၂၀၂၀ ခုနှစ်တွင် ၁၆ ခုမှ ၂၀၂၁ ခုနှစ်တွင် ၂၅ ခုသို့ မြင့်တက်ခဲ့ခြင်းသည်၂၀၁၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း အဆိုပါ သတင်းစာက ဖော်ပြသည်။

ဒေတာအချက်အလက်များအရ ဘာလိုချီစတန်သည် နိုင်ငံတွင် ဆူပူအလှုပ်ရှားဆုံး ပြည်နယ် ဖြစ်နေပြီး ယင်းတွင် တိုက်ခိုက်မှုပေါင်း ၁၀၃ ခု ကြောင့် လူ ၁၇၀ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ပါကစ္စတန် သတင်းစာ၏ ဖော်ပြချက်အရ တိုက်ခိုက်မှုများကြောင့် ဘာလိုချီစတန်တွင် ဒဏ်ရာရသူ အရေအတွက် အများဆုံးပေါ်ပေါက်ခြင်း ဖြစ်ပြီး နိုင်ငံတွင် ဒဏ်ရာရသူစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းက ယင်းပြည်နယ်တွင် ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဘာလိုချီစတန် ပြီးနောက် ဒုတိယမြောက် ထိခိုက်ခံရဆုံးသည် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်ဖြစ်ကြောင်း ယင်းသတင်းဖော်ပြချက်အရ သိရသည်။

ဆင်းန်ပြည်နယ်တွင်လည်း စစ်သွေးကြွ တိုက်ခိုက်မှုဖြစ်စဉ် ၁၅ ခု ဖြစ်ပွားခဲ့ပြီး လူ ၂၃ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာရခဲ့သည်။

အလားတူ ပန်ဂျပ်ပြည်နယ်တွင်လည်း စစ်သွေးကြွများက တိုက်ခိုက်မှု ၁၀ ခုကို လုပ်ဆောင်ခဲ့ပြီး ၁၀ဦး သေဆုံးကာ ၈၇ ဦး ဒဏ်ရာရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly