နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု မနက်ဖြန် စီရင်ချက်ချမည်

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု မနက်ဖြန် စီရင်ချက်ချမည်

ဇန်နဝါရီ ၉

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲဆို ထားသော အမှုသုံးမှု အတွက် အပြီးသတ် စီရင်ချက် အမိန့်ကို မနက်ဖြန် ဇန်နဝါရီ ၁၀ ရက်တွင် ချမှတ်သွားရန် ဇဗ္ဗူသီရိ မြို့ နယ် အထူးသီးသန့်တရားရုံးက ဆုံးဖြတ်ထားသည်။

ထိုအမှုသုံးမှုမှာ ဆက်သွယ်ရေးပုဒ်မ (၆၇) အမှု နှင့် တစ်ဆက်တည်း စွဲဆိုထားသော ပို့ကုန်သွင်းကုန် ပုဒ်မ (၈) အမှုတို့ဖြစ်ပြီး နောက်အမှု တစ်မှုမှာ သဘာဝဘေးပုဒ်မ (၂၅) အမှု တို့ဖြစ်သည်။

ဆက်သွယ်ရေးပုဒ်မ (၆၇) အမှုနှင့် ပို့ကုန်သွင်းကုန်ပုဒ်မ (၈) အမှု နှစ်မှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် တစ်ကြိမ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် တစ်ကြိမ် အပြီးသတ် စီရင်ချက် အမိန့် ချမှတ်သွားရန် တရားရုံးက ဆုံးဖြတ်ခဲ့သော်လည်း မနက်ဖြန် ဇန်နဝါရီ ၁၀ ရက်နေ့မှသာ အမိန့် ချမှတ်ရန် ပြန်လည် ချိန်းဆိုထားခြင်းဖြစ်သည်။

ထို့အပြင် သဘာဝဘေးစီမံခန့်ခွဲမှု ပုဒ်မ (၂၅) အမှုအတွက်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်က နှစ်ဖက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် မနက်ဖြန်တွင် အပြီးသတ် စီရင်ချက်အမိန့် ချရန် ချိန်းဆိုထားသည်။

ထို့ကြောင့် မနက်ဖြန်တွင် အမှုသုံးမှုလုံး အပြီးသတ် စီရင်ချက်အမိန့် ချမှတ်သွားမည် ဖြစ်သည်။

သဘာဝဘေးအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၂၇ ရက်တွင် အိုးဘိုအကျဉ်းထောင်အတွင်းမှ Video Conferencing ဖြင့် တရားခံပြ သက်သေ ထွက်ဆိုထားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) နှင့် ပို့ကုန်သွင်းကုန်ပုဒ်မ (၈) အမှု တို့ဖြင့် စစ်ကောင်စီက တရားစွဲဆို ရာတွင် အာဏာသိမ်းသည့်နေ့ နံနက်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ၀င်ရောက် စီးနင်းဖမ်းဆီးစဉ် အဆောက်အအုံအတွင်း လမ်းလျှောက် စကားပြောစက် အချို့ နှင့် ဆက်သွယ်ရေး ဖြတ်တောက်စက် တစ်စုံကို တွေ့ရှိသည်ဟု ဆိုကာ တရားစွဲဆိုထားသည်။

သဘာဝဘေးပုဒ်မ (၂၅) အမှုမှာ တရားလို ဦးညီညီ ဆိုသူက တိုင်တန်းထားခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ရွှေကြာပင်ရပ်ကွက်ရှိ ပါတီ၀င်တစ်ဦး၏ နေအိမ်၌ NLD ဆိုင်းဘုတ်တင်ပွဲ အတွက် COVID-19 စည်းကမ်းချက်များနှင့် အညီသွားရောက် ကြည့်ရှုသည်ကို အများပြည်သူအား မဲဆွယ်စည်းရုံးရေး ဆင်းသည်ဟုဆို ကာ စွဲဆိုထားသောအမှု ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက စုစုပေါင်း အမှု ၁၂ မှုဖြင့် တရားစွဲဆိုထားရာ လက်ရှိ ဆူပူအောင် လှုံဆော်မှု ၅၀၅ အမှုနှင့် သဘာဝဘေးအမှု တစ်မှုအတွက် ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည်။

ယခုအမိန့် ချမှတ်ရန် ရှိနေသည့် ဆက်သွယ်ရေးအမှု၊ ပို့ကုန်သွင်းကုန်အမှုနှင့် သဘာဝဘေးအမှု တို့ကို အပြီးသတ် စီရင်ချက်အမိန့် ချမှတ်ပြီးပါက ဆက်လက် တရားရင်ဆိုင်ရန် အမှု ခုနစ်မှု ကျန်ရှိ နေသေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိနေသော အမှုများအတွက် ထောင်အာဏာပိုင်များ စီစဉ်ပေးသော အဖြူရောင်အင်္ကျီ၊ အညိုရောင်လုံချည်ကို ၀တ်ဆင်၍ တရားရင်ဆိုင် နေရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly