ဇလွန်မြို့က ကြံခိုင်ရေးပါတီဝင်ဆိုသူ ၁ဦး ပစ်ခတ်ခံရ၍သေဆုံး၊ NLDပါတီ၀င်များကို ဖမ်းဆီးစစ်ဆေးနေ

ဇလွန်မြို့က ကြံခိုင်ရေးပါတီဝင်ဆိုသူ ၁ဦး ပစ်ခတ်ခံရ၍သေဆုံး၊ NLDပါတီ၀င်များကို ဖမ်းဆီးစစ်ဆေးနေ

ဇန်နဝါရီလ ၈ ရက်

ဧရာဝတီတိုင်း၊ ဇလွန်မြို့၊ မဟာသာကျေးရွာနေ ကြံခိုင်ရေးပါတီဝင်ဆိုသူ ကိုအေးထွန်းကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီကျော်ခန့်အချိန်တွင် သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း ဒေသခံထံက သိရသည်။

ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားအပြီးတွင် NLDပါတီ၀င် ၁၀ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၈ရက်နေ့ မနက်ပိုင်းတွင်လည်း ထပ်မံ၍ NLDပါတီ၀င်များကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဖမ်းဆီးထားသူများကို ဇလွန်မြို့နယ်ရဲစခန်းတွင် စစ်ဆေးနေသည်ဟု ဒေသခံကပြောသည်။

ပစ်ခတ်ခံရသူ ကိုအေးထွန်းသည် မဟာသာကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိရွာများမှ ပြည်သူများကို စစ်ကောင်စီတပ်များနှင့် ရဲများက ဝင်ရောက်ရှာဖွေဖမ်းဆီးမှုများပြုလုပ်သည့် အခါတိုင်းတွင် ပါ၀င်ကူညီဆောင်ရွက်ပေးနေသည့် ရဲသတင်းပေးတစ်ဦးဖြစ်သည်ဟု ဒေသခံများက သတ်မှတ်ထားကြသည်ဟု သိရသည်။

၎င်းအား ပစ်ခတ်သွားသည်မှာ PDF တပ်ဖွဲ့ဝင်များကပစ်ခတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

"အေးထွန်းက တကယ်ကို ဒလန်အကြီးစားကြီးပါ၊မဟာသာရွာနဲ့ ဒီအနီးဝန်း ကျင်ရွာတွေမှာ သူ့ကြောင့်အဖမ်းခံရတဲ့ သူတွေမနည်းဘူး၊ ဒါကြောင့် အသတ်ခံရတာနေမယ် သေနတ်နဲ့ သုံးချက်ပစ်သွားတာ ပွဲချင်းပြီးသေသွားပါတယ်"ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ကြံခိုင်ရေးပါတီဝင်ဆိုသူ ပစ်ခတ်ခံရပြီး ညပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ကျေးရွာအတွင်း သေနတ်ဖြင့်ခြောက်လှန့်ပစ်ခတ်မှုများ

ပြုလုပ်ခဲ့ပြီး မဟာသာရွာတွင် နေထိုင်သည့် NLD ပါတီဝင် ဆယ်ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ဒေသခံကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required