မငြိမ်သက်မှုတွေ ဖြစ်နေရာ ကာဇက်စတန်ဆီ ရုရှဦးဆောင်တဲ့ တပ်တွေ စေလွှတ် 

မငြိမ်သက်မှုတွေ ဖြစ်နေရာ ကာဇက်စတန်ဆီ ရုရှဦးဆောင်တဲ့ တပ်တွေ စေလွှတ် 
Photo - AFP

ဇန်နဝါရီ ၇

လူဒါဇင်များစွာ သေဆုံးပြီး ရာနဲ့ချီ ဖမ်းဆီးခံရတဲ့ ကာဇက်စတန်နိုင်ငံရဲ့ မငြိမ်သက်မှုတွေကို ထိန်းသိမ်းဖို့ ရုရှဦးဆောင်တဲ့ တပ်တွေ ရောက်ရှိချိန်မှာပဲ နိုင်ငံရဲ့ အကြီးဆုံးမြို့ရဲ့ လမ်းတွေတစ်လျှောက် ကြာသပတေးနေ့မှာ ပေါက်ကွဲသံတွေနဲ့ သေနတ်ပစ်ခတ်သံတွေကို ကြားကြရပါတယ်။ 

အစိုးရဌာနအချို့ကို ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းပြီး နောက်တစ်နေ့မှာပဲ အယ်လ်မတာမြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာပါ။ ဗဟိုရင်ပြင်ဘက်ကနေ သေနတ်သံတွေ ပုံမှန်ကြားနေရကြောင်း အေအက်ဖ်ပီသတင်းထောက်တစ်ဦးကလည်း ဆိုပါတယ်။ 

ရင်ပြင်နဲ့ အခြား အဓိကကျတဲ့ အစိုးရရုံးတွေက ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းပြီးကြောင်း ဌာနေမီဒီယာတွေက ဖော်ပြပေမယ့် မြို့အနှံ့မှာ သေနတ်သံတွေ ကြားနေရဆဲလို့ ဆိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ ရုရှဦးဆောင်တဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်တွေက ရုရှတပ်ဖွဲ့ ပထမတပ်ရင်းက ကာဇက်စတန်ဆီ ရောက်ရှိလို့လာပါတယ်။ ကာဇက်စတန်အစိုးရရဲ့ အကူအညီ တောင်းခံမှုကြောင့် တပ်ဖွဲ့ဝင်တွေ စေလွှတ်တာဖြစ်ကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

အာရှအလယ်ပိုင်း ဆိုဗီယက်ဟောင်းနိုင်ငံတွေထဲ တည်ငြိမ်မှုအရှိအဖြစ် ရေရှည်မြင်ခဲ့ရတဲ့ ကာဇက်စတန်မှာ ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။ လောင်စာဈေးမြင့်တက်တာနဲ့ပတ်သက်လို့ ရက်များစွာ ဆန္ဒပြပွဲတွေဟာ ကျယ်ပြန့်တဲ့ မငြိမ်သက်မှုတွေဆီ အရှိန်မြင့်တက်လာခဲ့ရတာပါ။ 

အစိုးရတပ်တွေနဲ့ လက်နက်ကိုင် ဆန့်ကျင့်သူတွေရဲ့ တိုက်ပွဲတွေ ဖြစ်ပွားပေါ်ပေါက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၇၄၈ ဦး ထိခိုက်ဒဏ်ရာရပြီး ၁၈ ဦး သေဆုံးကြောင်း တာဝန်ရှိသူတွေက ပြောကြပါတယ်။ 

ရဲတပ်ဖွဲ့ဟာ လမ်းတွေရှင်းလင်းရေးကို ရှေ့တိုးလုပ်ဆောင်နေပြီး လက်ရှိအထိ ဖမ်းဆီးထားသူပေါင်း ၂၃၀၀ နီးပါး ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  

မတည်ငြိမ်မှုတွေအတွင်း လူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရကာ ၄၀၀ နီးပါးကို ဆေးရုံတင်ထထားရပြီး ၆၂ က အထူးကြပ်မတ်ကုသဆောင်မှာ တင်ထားရတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြပါတယ်။ 

ရုရှ၊ ဘီလာရုဇ်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်နဲ့ အာမေးနီးယားတို့နဲ့ ချုပ်ဆိုထားတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အဖွဲ့ CSTO ရဲ့ အဖွဲ့ဝင်ဖြစ်တာကြောင့် ကာဇက်စတန်နိုင်ငံ တည်ငြိမ်ရေးကို ကူညီဖို့ အခုလို ရုရှတပ်ဖွဲ့တွေ စေလွှတ်လာခြင်းပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly