ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၁၁လအတွင်း ချင်းတိုင်းရင်းသား ဦးရေ ၁၆၀ကျော် အသတ်ခံရ

ချင်းပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၁၁လအတွင်း ချင်းတိုင်းရင်းသား ဦးရေ ၁၆၀ကျော် အသတ်ခံရ

ဇန်နဝါရီ ၇

ချင်းပြည်နယ်အတွင်း၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဒီဇင်ဘာလ ၃၁ရက်အထိ ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သည် ချင်းတိုင်းရင်းသား ၁၆၃ဦးအား သတ်ဖြတ်ခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ်မှ ဇန်နဝါရီ၆ရက်တွင် ထုတ်ပြန်ထားသည်။

သေဆုံးသူများထဲတွင် အမျိုးသမီး ၁၃ဦး အပါအဝင် အရပ်သားပြည်သူ ၈၇ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ ၇၆ဦး အထိ ရှိပြီး ထိုအထဲတွင် စစ်ကောင်စီတပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ ခုနစ်ဦး၊ အလောင်းပြန် မရသည့် အရပ်သား ရှစ်ဦးနှင့် မိုင်းထိ၍ သေဆုံးသည့်အရပ်သား သုံးဦးထိ ပါဝင်ကြောင်းသိရသည်။

''စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် အရပ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးမှုနှင့် စစ်ကြောရေးအတွင်း ညှဥ်းပန်းနှိပ်စက်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ်များနှင့် အပြစ်မဲ့အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်သည့်အပြင် ကျေးရွာလူနေအိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် မီးရှို့ခြင်းနှင့် လူနေရပ်ကွက်များ၊ အရပ်သားများ ကျင်လည် ကျက်စားသည့်နေရာများတွင် မိုင်းထောင်တိုက်ခိုက်ခြင်း တို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက် ရှိသည်" ဟုလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စနစ်တကျ တိုက်ခိုက်သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ထင်ရှားနေပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း နှင့် အရပ်သား ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်သတ်ဖြတ်ခြင်း တို့အား ချက်ချင်းရပ်တန့်ရန် ချင်းရေးရာအဖွဲ့ချုပ်မှ အလေးအနက်ထား တိုက်တွန်းထားသည်။

ချင်းရေးရာအဖွဲ့ချုပ်သည် နိုင်ငံတကာအသိုင်းအဝန်းအား စစ်ကောင်စီတပ်၏ ချင်းတိုင်းရင်းသားများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စစ်ဆင်ရေးဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေမည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အတွက်လည်းထပ်မံတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required