ကာဇက်စတန်မှာ မငြိမ်မသက်မှုတွေအတွင်း လူဒါဇင်များစွာ သေဆုံး၊ ထောင်ချီ ဒဏ်ရာရ

ကာဇက်စတန်မှာ မငြိမ်မသက်မှုတွေအတွင်း လူဒါဇင်များစွာ သေဆုံး၊ ထောင်ချီ ဒဏ်ရာရ

ဇန်နဝါရီ ၆

ကာဇက်စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ မငြိမ်မသက်မှုတွေအတွင်း လူဒါဇင်များစွာ သေဆုံးပြီး ထောင်ချီ ဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။

အစိုးရ အဆောက်အအုံတွေကို စီးနင်းဖို့ ကြိုးပမ်းရင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဖြိုခွင်းမှုကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာလည်းပဲ လက်ရှိဖြစ်ပေါ်ဆဲ မငြိမ်မသက်မှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးပြီး ၃၅၃ ဦး ဒဏ်ရာတွေ ရခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ်။

အလားတူ အဆိုပါ နိုင်ငံရဲ့ မတည်မငြိမ်ဖြစ်မှုတွေကို ကူညီထိန်းသိမ်းဖို့အတွက် ရုရှား ဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အုပ်စုတစ်စုကလည်း တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားပါတယ်။

ဗဟိုအာရှဒေသရဲ့ ဆိုဗီယက်အဖွဲ့ဝင်ဟောင်း နိုင်ငံတွေအနက် တည်ငြိမ်မှု အရှိဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ကာလကြာ ရှုမြင်ခံထားခဲ့ရတဲ့ စွမ်းအင်ပေါကြွယ်ဝတဲ့ ကာဇက်စတန်မှာ ပြီးခဲ့တဲ့ ရက်တွေက လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်မှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေကနေ မငြိမ်မသက်မှုတွေဆီ ပိုမိုပျံ့နှံ့အရှိန်မြင့်တက်ခဲ့တဲ့နောက် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဖိအားတွေအောက် တိုးမြင့်ကျရောက်နေခဲ့ပြီးနောက် ကာဇက်စတန် သမ္မတ ကက်ဆင် ဂျိုမတ် တိုကာယက်ဗ်က ညတွင်းချင်းပဲ ရုရှား ဦးဆောင်တဲ့ နိုင်ငံငါးနိုင်ငံပါ စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ဆီ အကူအညီ တောင်းခံခဲ့ပါတယ်။

လက်ရှိမှာတော့ CSTO အဖွဲ့က ယင်းရဲ့ တပ်ဖွဲ့ဝင်တွေကို ကာဇက်စတန်ကို စတင် စေလွှတ်ထားခဲ့ပြီး ၎င်းတို့ထဲမှာ ရုရှား လေထီးခုန်တပ်သားတွေနဲ့ အခြား CSTO အဖွဲ့ဝင်နိုင်ငံတွေရဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိ မတည်မငြိမ်မှု အခြေအနေတွေကြောင့် ကာဇက်စတန်သမ္မတဟာ အစိုးရအဖွဲ့ကို ရာထူးကနေ နုတ်ထွက်ထားစေခဲ့ပါတယ်။

လက်ရှိ ကာဇက်စတန်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေအပေါ် အာဏာပိုင်တွေဘက်က ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ ယမန်နေ့က ကုလသမဂ္ဂနဲ့ အမေရိကန်တို့က တိုက်တွန်း ပြောဆိုထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly