ပါကစ္စတန် ကရာချိမြို့တွင် ရဲဝန်ထမ်းအပါအဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန် ကရာချိမြို့တွင် ရဲဝန်ထမ်းအပါအဝင် ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဆင်းန်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ၁ဦး အပါအဝင် လူ၂ ဦး ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ကြောင်း  ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ကရာချိမြို့၏ စစ်သားဈေး အမှတ် ၂ ဧရိယာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်ကို အကြီးတန်းရဲမှူး ကာမာ ရာဇာ ဂျက်စ်ကာနီ၏ ပြောကြားချက်အား ကိုးကားပြီး Geo News က ဖော်ပြသည်။ 

ဂျာဗက်ဒ် ဘာလို့ချ် နှင့် မိုဟာမက် မူကက်ဒက်စ်တို့ ၂ ဦးသည် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် သွားလာခဲ့ကြစဉ် လူ ၄ ဦး ဆိုင်ကယ် ၂ စီးဖြင့် နောက်က လိုက်လာပြီး ၎င်းတို့ကို သေနတ်ဖြင့် ပစ်သွားခြင်းဖြစ်သည်ဟု ပါကစ္စတန် သတင်းဌာနများက ဖော်ပြထားသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသူများသည် လိုင်ယာရီ၏ ချာကီဝါရာ အရပ်တွင် နေထိုင်ကြသူများဖြစ်သည်။

ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးမှုအရ ပစ်ခတ်မှုတွင် ၉ မမ ပစ္စတိုတစ်လက်ကို အသုံးပြုခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာကနေ ၉ မမ ပစ္စတို ကျည်ခွံ ၁၃ ခုကို တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း Geo News က ဖော်ပြသည်။

ကနဦး စုံစမ်းစစ်ဆေးမှုအရ ထိုဖြစ်စဉ်သည် ပုဂ္ဂိုလ်ရေး ရန်ငြိုးကြောင့် ဖြစ်ခဲ့သည်ဟု ကာမာ ရာဇာ ဂျက်စ်ကာနီက သုံးသပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly