မြောင်မြို့နယ် တော်လှန်ရေးရဲဘော်များ၏ လွတ်လပ်ရေးနေ့ “မင်းအောင်လှိုင် ခေါင်းကန်ပွဲ”

မြောင်မြို့နယ် တော်လှန်ရေးရဲဘော်များ၏ လွတ်လပ်ရေးနေ့ “မင်းအောင်လှိုင် ခေါင်းကန်ပွဲ”

ဇန်နဝါရီလ ၅ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)မှ ဦးစီးကာ “မင်းအောင်လှိုင် ခေါင်းကန်ပွဲ” ဟုခေါ်သည့် “တော်လှန်ရေးဘောလုံးပွဲ” ကို ဒေသခံမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ကျင်းပခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် မြောင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ဘောလုံးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မျက်နှာပုံကပ်ပြီး ယှဉ်ပြိုင်ဆော့ကစားခဲ့ကြကြောင်း CDSOMအဖွဲ့ဝင် ကိုမင်းဒေဝါက ပြောသည်။

“ဘောလုံးမှာ မင်းအောင်လှိုင်ရဲ့ခေါင်းပုံ စတေကာကပ်ပြီး ကန်တာ။ ကန်တဲ့အခါ ဘောလုံးကို ခေါင်းနဲ့ တစ်ခါတိုက်မိရင် ၁၀၀၀ ကျပ်ဆိုပြီး ဒဏ်ကြေးအနေနဲ့ လုပ်လိုက်တယ်၊ ခြေထောက်နဲ့ကတော့ စိတ်ကြိုက်ကန်လို့ရတယ်။ ခေါင်းတိုက်ပြီး ဘောလုံးကို သွင်းလို့ ရတယ် ဂိုးပေးတယ်၊ ဒါပေမယ့် ဒဏ် ၁၀၀၀ ရိုက်ခံရတယ်” ဟု ၎င်းက မဇ္ဈိမအားပြောပြသည်။

သာမန်နိုင်ငံရေး တည်ငြိမ်နေသည့် ကာလတွင် လွတ်လပ်ရေးနေ့၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြသော်လည်း လက်ရှိ စစ်အာဏာသိမ်းမှုအောက်တွင် ပျော်ပွဲရွှင်ပွဲပုံစံ သီးသန့်မလုပ်လိုသည့်အပြင် စစ်ခေါင်းဆောင်အား ဆန့်ကျင်သည့်အနေဖြင့် ယခုလို “မင်းအောင်လှိုင် ခေါင်းကန်ပွဲ”အား ပြုလုပ်ဖြစ်ခဲ့ကြောင်း CDSOMအဖွဲ့ထံမှ သိရသည်။

ဘောလုံးပွဲတွင် မြောင်မြို့နယ်အတွင်းရှိ ဒေသခံမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စည်းစည်းလုံးလုံးဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားအသင်းတွင် အဖွဲ့ပေါင်း ၂၂ ဖွဲ့ပါဝင်ကာ အမျိုးသမီးပွဲစဉ်တွင် အဖွဲ့ လေးဖွဲ့ ပါဝင်ဆော့ကစားခဲ့ကြသည်။

ထိုဘောလုံးပွဲတွင် အမျိုးသားအသင်းအတွက် မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်စွဲခဲ့ပြီး အမျိုးသမီးအသင်းအတွက်ဒိုင်းဆုအား ဒိုင်ယာနာအသင်းမှ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly