လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖရူဆိုဖြစ်စဉ် စစ်ခေါင်းဆောင်နှင့် အပေါင်းပါများ မဖြစ်မနေ တရားစီရင်ခံရမည်ဟု NUG ထုတ်ပြန်

လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖရူဆိုဖြစ်စဉ် စစ်ခေါင်းဆောင်နှင့် အပေါင်းပါများ မဖြစ်မနေ တရားစီရင်ခံရမည်ဟု NUG ထုတ်ပြန်

ဇန်နဝါရီလ ၅ရက်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာ အနီး အရပ်သားများ အစုလိုက်အပြုံလိုက် မီးရှို့ သတ်ဖြတ် ခံရသော ရာဇဝတ်မှုအတွက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြား ထိပ်ပိုင်းခေါင်းများတွင် တိုက်ရိုက် တာဝန်ရှိပြီး မဖြစ်မနေ တရားစီရင် အရေးယူ ခံရမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ယနေ့ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

မိုဆိုကျေးရွာ အနောက်မြောက်ဘက် နှစ်ကီလိုမီတာခန့် အကွာ၌ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် ဒေသခံ အရပ်သားများ အစုလိုက် အပြုံလိုက် ကားပေါ်တင်ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရကာ အရေအတွက်ကို အတည် မပြုနိုင်သေးသော်လည်း အရပ်သား ၄၂ ဦးအထိ သေဆုံးနိုင်သည်ဟု NUG က ပြောသည်။

အဆိုပါ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို စစ်ကောင်စီ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသတွင်း အဖွဲ့အစည်းများက အခိုင်အမာ ပြောဆိုထားသည်။

ထိုသို့ သတ်ဖြတ်ခံရပြီး သုံးရက်အကြာ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီ တပ်၏ မီးရှို့ သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများကို ကရင်နီ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက် ကောက်ယူနိုင်ခဲ့ရာ ခန္ဓာကိုယ် အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်းခန့် ချိတ်ဆက် နေသေးသည့် ရုပ်အလောင်း ၃၁ လောင်းကို ကောက်ယူ နိုင်ခဲ့သည်။

အချို့သော ရုပ်အလာင်းများသည် မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားပြီ ဖြစ်သဖြင့် မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိ နိုင်သကဲ့သို့ ခွဲထုတ်စစ်ဆေးရန်လည်း အခက်အခဲ ရှိနေကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ ဆရာဝန်များ၏ လေ့လာစမ်းသပ်ချက်အရ ကောက်ယူ ရရှိထားသည့် ရုပ်အလောင်း ၃၁ လောင်း အနက် မသန်စွမ်းသူ တစ်ဦး အပါအဝင် အမျိုးသား ၂၆ ဦးနှင့် အသက် (၁၂ ) နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် အမျိုးသမီး ငါးဦး ပါဝင်သည်ကို အတည် ပြုနိုင်ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

ယင်း အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသူများအနက် ကလေးငယ်များအား လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေသည့် Save The Children အဖွဲ့ဝင် ဝန်ထမ်း နှစ်ဦးလည်း ပါဝင်ခဲ့သည်။

ထိုဖြစ်စဉ် အပေါ် အာဏာသိမ်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် သတ်ဖြတ် ခံရသူများကို “အကြမ်းဖက်သမား” ဟု တံဆိပ် ကပ်ထားပြီး သတ်ဖြတ် ခံရမှုတွင် Save The Children အဖွဲ့ဝင် ဝန်ထမ်းနှစ်ဦး ပါဝင်နေသည်ကို ဖော်ပြထားခြင်း မရှိပေ။

သေဆုံးသူ ရုပ်အလောင်းများတွင် လက်နောက်ပြန် ကြိုးချည် ခံထားရသူများ၊ ပါးစပ်ကို အဝတ်နှင့် ချည်ပြီး မီးရှို့ခံရသူများ၊ အဆုတ်ထဲအထိ တစ်စုံတစ်ခုဖြင့် ထိုးသွင်းခံထားရသည့် ဒဏ်ရာများစွာကို တွေ့ရကြောင်း ကိုယ်တိုင်ခွဲစိတ်ခဲ့သူ ဆရာဝန်များက ပြောဆိုသည်။

ထိုဖြစ်စဉ် အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ UNICEF နှင့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ရေးရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကူညီရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးတို့က ရှုတ်ချထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများကို တိုက်တွန်းထားသည့် အလျှောက် မြန်မာ့အရေး ဆွေးနွေးရန် မျက်နှာစုံညီ အစည်းအဝေးကို ချက်ချင်း ခေါ်ယူရမည် ဖြစ်ပြီး စစ်ကောင်စီထံ လက်နက်နှင့် ငွေကြေးစီးဆင်းမှုကို ပိတ်ဆို့ရေးနှင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲ ပြောင်းပေးရေး ဆုံးဖြတ်ချက် တစ်ရပ်ကို ချမှတ်ရန် လိုအပ်သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

================

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required