ပြည်ပ၌နေထိုင်သည့် ဝီဂါများကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေသလား

ပြည်ပ၌နေထိုင်သည့် ဝီဂါများကို တရုတ်နိုင်ငံက ပစ်မှတ်ထားနေသလား

တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ် ရှင်ကျန်းတွင်နေထိုင်သော ဝီဂါလူမျိုးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ထူးဆန်းသည့် ဖြစ်ရပ်မဟုတ်ပေ။

ကျိုဒိုသတင်းတစ်ပုဒ်တွင် ဖော်ပြချက်အရ လွန်ခဲ့သည့် ၂ နှစ်ခန့်က တရုတ်နိုင်ငံသို့ ပြန်လာခဲ့သည့် ဝီဂါအမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်မှာ သံသယဖြစ်စရာကောင်းသည်။

ရှင်ကျန်းဒေသ ကက်ရှ်ဂါမြို့မှ အသက် ၃၁ နှစ်အရွယ် မီရေးအာကင်သည် တရုတ်နိုင်ငံသို့ မပြန်မီ ဂျပန်ဘာသာစကားကျောင်းတွင် ပညာသင်ကြားနေခဲ့ပြီး ဝီဂါများကို ၅ နှစ်ကြာမျှ ဝီဂါဘာသာစကား သင်ပေးနေခဲ့သည်။

ဖခင်ဖြစ်သူ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခံထားရကြောင်း ၂၀၁၉ ခုနှစ် ဇွန်လတွင် မီရေး သိရှိခဲ့သည်။ 

ဂျပန်နိုင်ငံရှိ ဝီဂါကျောင်းသားအများအပြားသည် အလားတူကိစ္စရပ်မျိုးကို ကြုံတွေ့ရကြောင်း ကျိုဒိုသတင်းက ဖော်ပြသည်။ 

မီရေးသည် စိတ်ဓာတ်ကျလာကာ ကျောင်းမတက်ဘဲ ညဘက်တွင် မကြာခဏ အော်ဟစ်လေ့ရှိသည်ဟု သူငယ်ချင်းများက ပြောသည်။

မီရေး၏ဦးလေး အသက် ၄၈ နှစ် အရွယ် အဗ္ဗဒူဝီလီ အာယွတ်သည် နော်ဝေတွင်နေထိုင်သည့် ထင်ရှားသောစာရေးဆရာတစ်ဦးဖြစ်ကာ တရုတ်အစိုးရအတွက် အန္တရာယ်ရှိသူအဖြစ် သတ်မှတ် ခံထားရသူဖြစ်သည်။ မီရေးကို တရုတ်နိုင်ငံသို့ မပြန်ရန် ပြောကြားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်းနှင့် သူမ၏ဖခင်ကို ကယ်တင်လိုသောဆန္ဒ ပြင်းပြကြောင်း အာယွတ်ကပြောသည်။

သူမသေဆုံးကြောင်းသတင်းများထွက်ပေါ်ပြီးနောက် တရုတ်နိုင်ငံပြင်ပတွင်နေထိုင်သော ဝီဂါ အများအပြားသည် သူမ၏နောက်ဆုံးသတင်းစကားပုံများနှင့် အနီရောင်ပန်းစည်းပုံများကို တင်ခဲ့ကြသည်။

တရုတ်နိုင်ငံ ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် လာမည့်နှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အမေရိကန်နှင့် အခြားနိုင်ငံအများအပြားက စတင်သပိတ်မှောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly