ဆန်ကာကူးကျွန်းစုများကို ပြည်ပကဝင်ရောက်သိမ်းပိုက်သည်ဟုယူဆကာ ဂျပန်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

ဆန်ကာကူးကျွန်းစုများကို ပြည်ပကဝင်ရောက်သိမ်းပိုက်သည်ဟုယူဆကာ ဂျပန်က စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့

ဂျပန်က အုပ်ချုပ်ပြီး တရုတ်နိုင်ငံက ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသော ဆန်ကာကူးကျွန်းများကို ပြည်ပတပ်ဖွဲ့များက သိမ်းပိုက်ထားသည်ဟူသော ထင်မြင်ယူဆချက်ဖြင့် ဂျပန်သည် ဝေးလံခေါင်သီသော အနောက်တောင်ပိုင်းရှိ ကျွန်းတစ်ကျွန်းတွင် နိုဝင်ဘာလက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်ဟု အစိုးရသတင်းရင်းမြစ်များစွာအရ သိရသည်။

ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ၊ ဂျပန်ကမ်းခြေစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို အရှေ့တရုတ်ပင်လယ်ရှိ ဆန်ကာကူးကျွန်းစုများထဲမှ တစ်ကျွန်းဖြစ်သည့် အူတိုဆူရီကျွန်းနှင့် ဆင်တူသည့် နာဂါဆာကီရင်စုရှိ လူသူမဲ့ကျွန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များ ဟုဆိုသည်။

နာဂါဆာကီစီရင်စု ဂိုတိုမြို့ရှိ ဆူတာရာကျွန်းတွင် နိုဝင်ဘာ ၂၀ ရက်မှ စ၍ ၂ ရက်ကြာ စစ်ရေးလေ့ကျင့်မှုအပြီးတွင် အစိုးရက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံ၏ ကျွန်းဒေသများရှိ အရေးပေါ်အခြေအနေများအတွက် ဂျပန်နိုင်ငံ၏ တုံ့ပြန်မှု ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ကျွန်းတစ်ကျွန်းကို မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ဆန်ကာကူးကျွန်းများသည် တရုတ်က ဒိုင်အိုးယူ ဟုခေါ်သော လူမနေသောကျွန်းစုများဖြစ်သည်။ တိုကျိုမှကန့်ကွက်မှုများရှိသော်လည်း ပေကျင်းသည် ကမ်းရိုးတန်းစောင့်သင်္ဘောများကို ၎င်းတို့၏အနီးတစ်ဝိုက်သို့ မကြာခဏစေလွှတ်သဖြင့် ဂျပန်နှင့် တရုတ်အကြား ဆက်ဆံရေး ကတောက်ကဆဖြစ်လျက်ရှိသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ၎င်းတို့၏ နယ်မြေပိုင်ဆိုင်မှုကို ချဲ့ထွင်ခဲ့ပြီး လက်နက်ကိုင် တရုတ်ရေကြောင်း ပြည်သူ့စစ်တပ်ဖွဲ့များက ကျွန်းငယ်များကို သိမ်းပိုက်နိုင်မှုအပေါ် ဂျပန်က စိုးရိမ်လျက်ရှိသည်။ ရေလုပ်သားများအသွင်ဖြင့် လုပ်ဆောင်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် စစ်ရေးလေ့ကျင့်မှု အတိုင်းအတာတစ်ခုအထိ ရရှိထားပြီး တရုတ်၏တရားဝင် ရေယာဉ်များနှင့်အတူ လုပ်ဆောင်ကြသည်။

ဂျပန်တွင် ကမ်းရိုးတန်းစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့သည် နယ်မြေနှင့်ရေပိုင်နက် လုံခြုံရေးကို ကြီးကြပ်ကွပ်ကဲရသော်လည်း အခြေအနေ ဆိုးရွားလာသောအခါတွင် SDF က ခြေလှမ်းပြင်လာမည် ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် လူ ၄၀၀ ခန့် ပါဝင်ခဲ့ကြောင်း အစိုးရအဖွဲ့ အတွင်းဝန်ရုံးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ SDF ၊ ကမ်းခြေစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို အတွင်းဝန်ရုံးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြဆိုခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly