နိုင်ငံရေးဆွေးနွေးပွဲ UWSP/UWSA တက်ရောက်မည်မဟုတ်ဟုပြော

နိုင်ငံရေးဆွေးနွေးပွဲ UWSP/UWSA တက်ရောက်မည်မဟုတ်ဟုပြော

ရန်ကုန်၊ ဇန်နဝါရီ ၈ ။           ။ ဦးသိန်းစိန်အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ၈ဖွဲ့တို့ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲကို 'ဝ'သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA က တက်ရောက်မည်မဟုတ်ကြောင်း UWSP/UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက ဇန်နဝါရီ ၈ရက်တွင် မဇ္ဈိမကိုပြောသည်။

"လွတ်လပ်ရေးနေ့မတိုင်မီကလည်း လာဖိတ်တာဟုတ်တယ်။ အခုလည်းဖိတ်စာမရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဆွေးနွေးရမှာမဟုတ်ဘူးဆိုတော့ တက်မှာမဟုတ်ဘူး။" ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေးကော်မတီ အဖွဲ့ဝင်တစ်ချို့က ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအစပိုင်း တွင် UWSP/UWSA နှင့် မိုင်းလားအဖွဲ့တို့ နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်နိုင်ရေးအတွက် သွားရောက် ဖိတ်ကြားခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်က မဇ္ဈိမကိုပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲကို UPDJC ကဦးစီးကာ နိုင်ငံရေး၊ သယံဇာတစီမံခန့်ခွဲရေး၊ ပြန်လည်ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ နှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ စသည့် အကြောင်းအရာများကို ဇန်နဝါရီ ၁၂ရက်မှ ၁၆ရက်အထိ ၅ရက်တိုင်ကျင်းပပြုလုပ်ရန်လည်း ဆုံးဖြတ်ထားသည်။

"ပထမတစ်ခါသွားဖိတ်တုန်းက လေ့လာသူအနေနဲ့ပဲ ဘာဆွေးနွေးခွင့်မှမရရင် မတက်ဘူးဆိုလို့ အတွင်းရေးမှူး အဖွဲ့ အစည်းအဝေးကနေပြီး နုတ်ခွန်းဆက်စကားပြောခွင့်ပေးပြီး ၆ရက်နေ့က ပြန်ဖိတ်ဖို့ဆုံးဖြတ်ပြီး အတွင်းရေးမှူးအဖွဲ့က ဖိတ်လိုက်ပြီလို့သိထားပါတယ်။" ဟု UPDJC ဒု-ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲကို အပစ်ရပ်လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် ယင်းအဖွဲ့အစည်းများတွင် မပါဝင်သည့် တိုင်းရင်းသားမျိုးနွယ်စုတို့အပါအဝင် စုစုပေါင်းအင်အား ၇၀၀ဖြင့်၊ နေပြည်တော်၊ အားကစားရွာများတွင် ပြုလုပ်ရန် လျာထားသည်။

UWSP/UWSA သည် တပ်မတော်အစိုးရနှင့် ၁၉၈၉ခုနှစ် မေလတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး၊ ယင်းနောက်တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ၊ ဦးသိန်းစိန်အစိုးရနှင့် ၂၀၁၁ခုနှစ် စက်တင်ဘာ ၆ရက်တွင် အပစ်အခတ်ရပ်စဲရေး ပထမဆုံးသဘောတူခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly