ပါကစ္စတန် ဘာလိုချီစတန်တွင် ပေါက်ကွဲမှုကြောင့် ၄ ဉီး သေဆုံးပြီး ၁၄ ဉီး ဒဏ်ရာရ 

ပါကစ္စတန် ဘာလိုချီစတန်တွင် ပေါက်ကွဲမှုကြောင့် ၄ ဉီး သေဆုံးပြီး ၁၄ ဉီး ဒဏ်ရာရ 

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့၍ လူ ၄ဦးထက်မနည်း သေဆုံးပြီး အခြား ၁၄ ဉီး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ဂျင်နာ လမ်းရှိ သိပ္ပံကောလိပ်အနီး ကားတစ်စီးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး Geo News က ဖော်ပြသည်။

ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အဆောက်အအုံ ပြတင်းမှန်တံခါးများ ကွဲကြေခဲ့ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။ 

ပေါက်ကွဲမှုဖြစ်ရာနေရာသို့ ကယ်ဆယ်ရေးသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသွားခဲ့ကြပြီး အာဏာပိုင်များက ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုသည် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ဆောင်နေကြောင်း ဘာလိုချီစတန် ပြည်နယ်ဝန်ကြီးချုပ်၏ ပြည်ထဲရေးဆိုင်ရာ အကြံပေး ရာဇာ လန်ဂူးက ပြောသည်။

အလားတူ ဘာလိုချီစတန် ပြည်နယ်ဝန်ကြီးချုပ် အဗ္ဗဒူလ် ကွတ်ဒက်စ် ဘီဇန်ဂျိုက ထိုဖြစ်စဉ်ကို အာရုံစိုက်ခဲ့ပြီး ပေါက်ကွဲမှုနှင့်ပတ်သက်သည့် အစီရင်ခံစာတစ်ရပ် တင်သွင်းရန် ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲကို ညွှန်ကြားထားသည်ဟု Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly