နှစ်နိုင်ငံနယ်စပ်၌ ပါကစ္စတန်၏ ခြံစည်းရိုးခတ်မှုအပေါ် တာလီဘန်တို့ တားမြစ်နေ

By Alarabiyapost
04 January 2022
နှစ်နိုင်ငံနယ်စပ်၌ ပါကစ္စတန်၏ ခြံစည်းရိုးခတ်မှုအပေါ် တာလီဘန်တို့ တားမြစ်နေ

အာဖဂန်နစ္စတန်-ပါကစ္စတန် အကြား နယ်စပ်တလျောက်၌ ပါကစ္စတန်စစ်တပ်ဘက်မှ လုံခြုံရေး ခြံစည်းရိုးတစ်ခု ကာရံနေမှုကို အာဖဂန်၏ တာလီဘန်တပ်သားများက ဟန့်တားထားသည်။

အာဖဂန်ဘက်မှ သဘောမတွေ့မှုများ ရှိခဲ့သော်လည်း ပါကစ္စတန်သည် ကီလိုမီတာ ၂,၆၀၀ ရှိ နယ်စပ်၏ နေရာအများစုကို ခြံစည်းရိုး ကာရံထားခဲ့သည်။ နှစ်ဘက်စလုံးရှိ မိသားစုများနှင့် မျိုးနွယ်စုများကို တကွဲတပြား ဖြစ်စေသည့် ဗြိတိသျှခေတ် နယ်စပ်နယ်နိမိတ် ပိုင်းခြားသတ်မှတ်မှုကို အာဖဂန်နိုင်ငံဘက်က ဆန့်ကျင်ပြောဆိုမှုများ လုပ်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်က အာဖဂန်နစ္စတန်အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ပါကစ္စတန်စစ်တပ်ဘက်မှ နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို တာလီဘန်တပ်ဖွဲ့များက တားမြစ်ခဲ့ပြီး ယင်းက "တရားမဝင်" သော နယ်စပ်စည်းရိုးတစ်ခုဖြစ်ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီနာယတ်တူလာ ခဝါရာဇ်မီက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းက အလေးအနက်မပြောဆိုဘဲ လျှောချသွားခဲ့ပြီး လက်ရှိတွင် အရာအားလုံးသည် ပုံမှန်အခြေအနေဖြစ်နေသည်ဟု ၎င်းက ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ပန်ကြားချက်ကို ပါကစ္စတန်စစ်တပ်ကလည်း မတုံ့ပြန်ခဲ့ပေ။

လူမှုမီဒီယာပေါ် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုတွင် တာလီဘန်စစ်သားများက သံဆူးကြိုးခွေများကို သိမ်းဆည်း ထားခဲ့ပြီး ခပ်လှမ်းလှမ်း လုံခြုံရေးဂိတ်များတွင် ရှိနေသည့် ပါကစ္စတန်စစ်သားများကို နယ်စပ်တွင် ခြံစည်းရိုး ကာရံရေး မကြိုးစားရန် တာလီဘန် အကြီးတန်းအရာရှိတစ်ဦးက ပြောနေသည်ကို ပြသထားသည်။

ထို ဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက် ရှိကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဘီလယ် ကာရီမီက ပြောသည်။

အလားတူ ထိုနယ်စပ်ခြံစည်းရိုးကိစ္စအတွက် တာလီဘန်နှင့် ပါကစ္စတန် တပ်ဖွဲ့များအကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့ပြီး အခြေအနေက တင်းမာခဲ့ကြောင်း အမည်မဖော်လိုသူ တာလီဘန်အရာရှိများက ပြောကြားခဲ့သည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly