မကွေးတိုင်းတွင် စစ်ကောင်စီ လူသစ်စုဆောင်း

မကွေးတိုင်းတွင် စစ်ကောင်စီ လူသစ်စုဆောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်

ဇန်နဝါရီလ ၄ရက်

မကွေးတိုင်း အတွင်း စစ်ကောင်စီက ရပ်ရွာလုံခြုံရေးအမည်ခံ တပ်ဖွဲ့များ ဖွဲ့ရန်ဟု ဆိုကာ လူသစ်စုဆောင်း၍ စစ်သင်တန်းပေးနေသည်ဟု ဒေသခံများက ပြောသည်။

သရက်ခရိုင်၊ ကံမမြို့နယ်တွင် တပ်ထောက်ခံသည့် ကျေးရွာအချို့နှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မရှိသည့် ကျေးရွာများက ရွာသားများကို ပစ်မှတ်ထား စုဆောင်းနေပြီး သင်တန်းပြီးလျှင် လက်နက်တပါတည်း တပ်ဆင်ပေးမည်ဟု သိရ သည်။

“ကညင်တိုင်း၊ တောင်စကိုင်း၊ လဲလူကုန်း၊ ကံစု၊ ကိုင်းထောင့် အုပ်စုထဲမှာ လဲလူကုန်းရွာမပါဘူး။ လဲလူကုန်းမှာ တိမ်းရှောင်နေရသူ တချို့ရှိတဲ့အတွက် မယုံကြည်ဘူး။ ဒီကျေးရွာအုပ်စုက လူတွေကို အုပ်စုထဲက ရွာတရွာရဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ သင်တန်းပေးမယ်လို့ ကြားရတယ်” ဟု ကံမမြို့သား တစ်ဦး က ပြောသည်။

အဆိုပါ သင်တန်းအတွက် ကျေးအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် ပြုလုပ်မည်ဟု သိရပြီး သင်တန်းသားများနှင့် သင်တန်းဆရာများ အတွက်ကို ကျေးရွာအလိုက် တာဝန်ယူပေးသွားရမည်ဟု သိရသည်။

“တောင်ချောင်းဘက်က ပွတ်စုတို့ ညောင်ပင်ကွင်းလို တပ်ထောက်ခံတဲ့ ရွာအတော်များများမှာလည်း ဒီကိစ္စတွေ စ လုပ်နေပြီလို့ သိရတယ်။ ဘုန်းကြီးတချို့ကလည်း တပ်ထောက်ခံတယ်။ သူတို့က စားရေး နေရေး တာဝန်ယူ မယ်လို့ကြားတယ်” ဟု အသက် ၄၀ အရွယ်အရွယ် ဒေသခံတစ်ဦး က ပြောသည်။

ကံမပြည်သူ အများစုသည် ဒီမိုကရေစီရေး လိုလားသူအများစုဖြစ်ပြီး ယခုကဲ့သို့ လုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက်နက်များ တပ်ဆင်ပေးခြင်းသည့် ပြည်သူအချင်းအချင်း ရန်တိုက်ပေးသည့် သဘောမျိုးဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ကံမပြည်သူများအနေဖြင့် အဆိုပါ သင်တန်းပြီးနောက်ပိုင်း ဒေသအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly