ရှင်ကျန်းပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုနှင့်ရာဇဝတ်မှုများအဆုံးသတ်ရန် တရုတ်အား အမေရိကန် တောင်းဆို

ရှင်ကျန်းပြည်နယ်အတွင်း လူမျိုးတုံးသတ်ဖြတ်မှုနှင့်ရာဇဝတ်မှုများအဆုံးသတ်ရန် တရုတ်အား အမေရိကန် တောင်းဆို

ရှင်ကျန်းပြည်နယ်ရှိ မွတ်စလင်ဝီဂါများနှင့် အခြားသော လူနည်းစုအုပ်စုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုများ ကျူးလွန်မှုများကို တရုတ်အနေဖြင့် ချက်ချင်းရပ်တန့်ရန် အမေရိကန်က တောင်းဆိုလိုက်သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရှင်ကျန်းတွင် အဓမ္မလုပ်အားဖြင့်ထုတ်လုပ်သော ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းခြင်းကို တားမြစ်သည့် "ဝီဂါများအား အတင်းအကျပ် အလုပ်ခိုင်းစေခြင်း ကာကွယ်ရေးဥပဒေ" ကို ဒီဇင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးပြီးနောက် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"သမ္မတ ဘိုင်ဒင်ဟာ ရှင်ကျန်းမှာ ဖြစ်ပွားနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ အပါအဝင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို တိုက်ဖျက်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို အလေးပေးဖော်ပြတဲ့ ‘ဝီဂါဆိုင်ရာ အဓမ္မအလုပ်ခိုင်းစေမှုကာကွယ်ရေးဥပဒေ’ ကို ဒီကနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုဘလစ်ကန်က ဒီဇင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှင်ကျန်းရှိ အဓမ္မအလုပ်ခိုင်းစေမှုများကို ဆက်လက်ကိုင်တွယ်ဖြေရှင်းရန်နှင့် ကမ်းကုန်သော လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် နိုင်ငံတကာမှ အရေးယူဆောင်ရွက်မှုများ အားကောင်းလာစေရန် ကွန်ဂရက်လွှတ်တော်နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှင်ကျန်းမှ အဓမ္မလုပ်အားဖြင့် ပြုလုပ်ထားသော ကုန်ပစ္စည်းများ အမေရိကန် ဈေးကွက်များအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးရန်နှင့် ချိုးဖောက်မှုများအတွက် တာဝန်ရှိသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအနေဖြင့် တာဝန်ခံမှု ပိုမိုရှိလာစေရန် ဤဥပဒေသစ်က ပြဋ္ဌာန်းပေးထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“အတင်းအကျပ်လုပ်အားပေးခိုင်းစေမှုကနေ လွတ်မြောက်လိုသူတွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရရှိဖို့ တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ရှင်ကျန်းမှာရှိတဲ့ မွတ်စလင်ဝီဂါတွေနဲ့ အခြားတိုင်ရင်းသားနဲ့ဘာသာရေးလူနည်းစု အုပ်စုတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်အစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly