စစ်ကိုင်း-ရွှေဘို လမ်းပေါ် ၌ စစ်ကောင်စီထောက်ပို့ကား မိုင်းထိ

စစ်ကိုင်း-ရွှေဘို လမ်းပေါ် ၌ စစ်ကောင်စီထောက်ပို့ကား မိုင်းထိ

ဇန်နဝါရီ ၄

စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးပေါ် ဝက်လက်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင် အကျော် ဘုရားပြန်ရွာ တောင်ဘက် တစ်နေရာ၌ စစ်ကောင်စီတပ် ထောက်ပို့ကားကို ယမန်နေ့ ဇန်နဝါရီလ ၃ ရက် ည ၁၂ နာရီတွင် မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

" သတင်းရလို့ ကြိုစောင့်ပြီး ဖောက်ခွဲခဲ့တာပါ။ ကားက ၁၂ ဘီးကား ။ နောက်က မိုးကာ အုပ်ထားတယ်။ ဒုတိယ အကြိမ် မိုင်းဆွဲခံရတော့ ကားက အဲဒီနားမှာဘဲ ရပ်သွားတာ။ ကိုယ်လူတွေကလည်း လက်နက်အင်အား သိပ်မကောင်းတော့ သွားမကြည့်ရဲဘူး။ ပထမ တစ်ဖွဲ့က မိုင်းနှစ်လုံး ဆွဲတယ်။ နောက်ထပ် တစ်ဖာလုံလောက်မှာ နောက်တစ်ဖွဲ့က မိုင်းနှစ်လုံး ထပ်ဆွဲခဲ့တာပါ" ဟု ၎င်းက မဇ္စျိမကို ပြောသည်။

တိုက်ခိုက်မှုကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် ပရိုလိုက်အဖွဲ့ နှင့် ကြောင်လက်သည်း အဖွဲ့တို့က လုပ်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါ ၁၂ ဘီးကား ရှိရာသို့ စစ်ကောင်စီတပ်များ ယနေ့နံနက် ၈ နာရီတွင် ရောက်ရှိလာပြီး ၎င်းတို့တပ်သားများကို ခေါ်ဆောင်ကာ ရွှေဘိုဘက်သို့ ထွက်ခွာသွားသည်။

ယမန့်နေ့ ကလည်း ဝက်လက်မြို့ တောင်ဘက်ရှိ ညောင်ပင်ကြီးတောရွာ တဝိုက်သို့ စစ်ကောင်စီ တပ်က MI-35 စစ်ရဟတ်ယာဉ် တစ်စီးဖြင့် အချိန်ကြာမြင့်စွာ လာရောက် ပစ်ခတ်ခဲ့ရာ ဒေသခံများ ထွက်ပြေးတိမ်ရှောင် ကြရသည်။

လက်ရှိတွင် ညောင်ပင်ကြီးတောရွာ ယက္ကန်းတောင်ကျောင်းနှင့် ပေါက်ကန်ရွာ တို့တွင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသည့်အတွက် ဒေသခံ ၆၀၀၀ ခန့် နေရပ်သို့ မပြန်နိုင် ဖြစ်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

" စစ်သားတွေက သူတို့ တပ်စွဲတဲ့ နေရာမှာ သူတို့ လိုချင်တာ အကုန်ယူတာ။ များသောအားဖြင့် ရွှေ၊ ငွေတွေ ယူတာများတယ်။ ပြည်သူတွေအိမ်က တခြား သူတို့ မလိုအပ်တဲ့ ပစ္စည်းတွေဆို ဖျက်ဆီး ထားခဲ့တာ။ သူတို့ တပ်စွဲထားတော့ ဒေသခံ‌တွေကလည်း အခုထိ နေရပ် မပြန်ကြသေးဘူး " ဟု ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required