USDP ရပ်ကျေးထောက်ပံ့ကြေးရပ်ကာ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အမှုဆောင်များကိုစိစစ်မည်

USDP ရပ်ကျေးထောက်ပံ့ကြေးရပ်ကာ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အမှုဆောင်များကိုစိစစ်မည်
ပြည်ခိုင်ဖြိုးပါတီ၏ လူထုတွေ့ဆုံပွဲတစ်ခုတွင် တက်ရောက်လာသော ပါတီဝင်မျာကိုတွေ့ရစဉ်။ ဓါတ်ပုံ။ မဇ္စျိမ။
 

ရန်ကုန်၊ ဇန်နဝါရီ ၈။          ။ပြည်ခိုင်ဖြိုးပါတီ USDP ရပ်ကျေးအဆင့်များကိုထောက်ပံ့ပေးနေသည့် စည်းရုံးရေးထောက်ပံ့စရိတ်များကို ရပ်ဆိုင်းကာ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင်များထောက်ပံ့ကြေးကိုလည်းလည်း ပြန်လည်စိစစ်တော့မည်ဟု ပါတီဗဟိုကော်မတီဝင်၊ လူငယ်ရေးရာဌာနမှူး ဦးတင့်ဇော်က မဇ္ဈိမကိုပြောသည်။

"အရင်ဆုံးရပ်ကျေးကို ထောက်ပံ့ပေးနေတာကိုရပ်မှာပါ၊ မြို့နယ်၊ တိုင်းခရိုင်ကိုတော့ ရှိနေတဲ့အမှုဆောင်တွေကို စိစစ်ပြီး ထောက်ပံ့ပေးနေတာကိုလျော့မှာပါ။ အဓိကတော့ရတဲ့သူနဲ့မရတဲ့သူတွေအကြား စိတ်ဝမ်းကွဲတာရယ်၊ ပါတီရံပုံငွေကြောင့်ရယ်ပါ၊ အဲဒီလိုတွေကြောင့်လည်း ၂၀၁၅မှာအခုလို့ရလာဒ်တွေရခဲ့တဲ့အတွက်ပေါ့။" ဟု ၎င်းကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်နေရာ ၄၀ကျော်သာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် အရပ်သားမှရွေးကောက်တင်မြောက်သည့် ကိုယ်စားလှယ် နေရာ ၄၉၈နေရာ (တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်း မပါ) အထိရှိသည်။

USDP ပါတီသည် ပါတီအဖြစ်စတင်ပြောင်းလဲခဲသည့်အချိန်မှစကာ လစဉ်စည်းရုံးရေးစရိတ်အဖြစ် ရပ်ကျေး အဆင့်အတွက် ငါးသောင်းကျပ်၊ မြို့နယ်ဗဟိုအလုပ်အမှုဆောင်တစ်ဦးလျှင် တစ်သိန်းကျပ်၊ ခရိုင်အလုပ်အမှု ဆောင်တစ်ဦးလျှင် တစ်သိန်းတစ်သောင်းကျပ်ဝန်းကျင်နှင့် တိုင်းအလုပ်အမှုဆောင်တစ်ဦးလျှင် တစ်သိန်း နှစ်သောင်းမှ တစ်သိန်းသုံးသောင်းကျပ်ကိုထောက်ပံ့ပေးထားသည်ဟု ဦးတင့်ဇော်ကပြောသည်။

USDP ကစည်းရုံးရေးစရိတ်ထောက်ပံ့ပေးနေသည့် ရပ်ကျေးအဖွဲ့ပေါင်း တစ်သောင်းခြောက်ထောင်အထိရှိသည်ဟုလည်း ၎င်းကဆိုသည်။

ရပ်ကျေးအဆင့်ထောက်ပံ့မှုကို လုံးဝရပ်ဆိုင်းမည်ဖြစ်ပြီး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်အလုပ်အမှုဆောင်အရေ အတွက်လျော့ချကာ ထောက်ပံ့မှုကိုစိစစ်သွားရန် USDP ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးဖြင့် အနီးဆုံး ပါတီညီလာခံကိုတင်ပြဆောင်ရွက်မည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီ(နေပြည်တော်)မှသိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အဆင့်အလုပ်အမှုဆောင် အမျိုးသမီးတစ်ဦးက"၂၀၁၀ရွေးကောက်ပွဲပြီးတုန်း ကမှစရတာပါ။ မြို့နယ်မှာ ၁၅ဦးနဲ့အလုပ်လုပ်တယ်။ လျော့လိုက်လို့ရှိရင်အခုထက်ပိုပြီး ခက်ခဲနိုင်မလားဆိုတာ တော့မပြောတက်ပေမယ့် အင်အားများများနဲ့လုပ်ရရင်တော့ပိုကောင်းတာပေါ့။" ဟု ဆိုသည်။

USDP ဖွဲ့စည်းပုံအရ မြို့နယ်အဆင့်အလုပ်အမှုဆောင် ၁၅ဦးဖြင့် မြို့နယ်ပေါင်း ၃၂၅ခု၊ ခရိုင်အလုပ်အမှုဆောင် ၉ဦးဖြင့် ခရိုင်၆၅ခရိုင်နှင့် တိုင်းအလုပ်အမှုဆောင် ၁၅ဦးဖြင့် (နေပြည်တော်ကောင်စီအပါအဝင်)တိုင်း ၁၈ခု (တစ်ချို့တိုင်းနှင့် ပြည်နယ်တို့တွင် တိုင်းအဆင့်အဖွဲ့ ၂ခုထိရှိသည်။ ဥပမာ။ ပဲခူး အရှေ့နှင့် အနောက်ကဲ့သို့) အထိဖွဲ့စည်းထားရှိသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တိုင်းသည် ပါတီစတင်ဝင်ရောက်သည်နှင့် ပါတီဝင်ကြေး ကျပ်တစ်ထောင်ကိုပေးအပ်ကာ၊ လစဉ်ကျေးအဖြစ် တစ်လ ၅၀ကျပ်ကို ပါတီသို့ပေးဆောင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags