ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီပိုင် ခင်မွန်ဘက်စုံခြံ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီပိုင် ခင်မွန်ဘက်စုံခြံ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ စစ်ကောင်စီတပ်ပိုင် ခင်မွန်ဘက်စုံခြံကို ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီခန့်တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ရှော့တိုက်ဒုံး တစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"စိုက်ပျိုး မွေးမြူရေးခြံ အဲ့ဒါက၊ သူတို့အင်အားက အမြဲတမ်း ၂၀၊ ၂၅ လောက်ရှိတယ်။ ကျွန်တော်တို့လည်း ပစ်ပြီးတာနဲ့ တန်းထွက်တာ၊ ထိခိုက်မှုတော့ ရှိနိုင်တယ်၊ သူတို့က ရမ်းသန်းပြီး ပြန်ပစ်တယ်" ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) တာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) နှင့် PGC ပြောက်ကျားတပ်ဖွဲ့ (မြင်းမူ) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၆ နာရီခွဲကလည်း စစ်ကောင်စီတပ်များ စစ်ဆေးလေ့ရှိသည့် ချောင်းဦး မီးပွိုင့်တွင် လ္ဘက်ရည်အိုး ဓာတ်ဗူးဖြင့် မိုင်းတစ်လုံးထောင် တိုက်ခိုက်ခဲ့သေးကြောင်း ချောင်းဦး PDF က ထုတ်ပြန်ထားသည်။

"ဒီကောင်တွေ သွားနေကျလမ်းပဲ။ အဲ့ဒီမှာ ဓာတ်ဗူးထဲ မိုင်းထည့်ပြီး ထားထားတာ၊ ဒီကောင်တွေက မနက် ၆ နာရီလောက်ကတည်းက လာစစ်တာ လမ်းကြီးပိတ်ပြီးတော့ အနားလည်း မကပ်ရဲကြဘူး။ GE တပ်တွေပါ ခေါ်တာ၊ ဟိုကလည်း မလာဘူး၊ ညနေ ၄ နာရီခွဲလောက်မှ လက်ဖြောင့် တပ်သားတွေက အဝေးကနေ သေနတ်နဲ့ အချက်၂၀ လောက် လှမ်းပစ်ပြီး ခွဲရတယ်" ဟု ၎င်းကပြောသည်။

ဓာတ်ဗူးဖြင့် ထောင်ထားသောမိုင်းကို စစ်ကောင်စီတပ်က ပစ်ခတ်ကာ ရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ချောင်းဦး PDF ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly