စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းများ ဖြတ်တောက်ရန် NUG တောင်းဆို

By သတင်းနှင့် မီဒီယာ ကွန်ရက်။
02 January 2022
စစ်ကောင်စီ၏ ဝင်ငွေလမ်းကြောင်းများ ဖြတ်တောက်ရန် NUG တောင်းဆို

ဇန်နဝါရီ ၂

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အသိအမှတ်ပြု ထောက်ခံပြီး စစ်ကောင်စီကို ငြင်းပယ်ရန်အပါအဝင် စစ်ကောင်စီ၏ လက်နက်ဝယ်ယူရေးနှင့် ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ပေးရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလက နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညက ပြည်သူများထံသို့ ပြောကြားခဲ့သည့် နှစ်သစ်မိန့်ခွန်းထဲတွင် ယာယီ သမ္မတ ဒူဝါလရှီးလက နိုင်ငံတကာ အသိုင်းအဝိုင်းအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

NUG ယာယီ သမ္မတ ဒူဝါလရှီးလက “နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်အာဏာရှင်တွေရဲ့ အသက်သွေး ကြောဖြစ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့ ကြပါ။ အထူးသဖြင့် သဘာဝဓာတ်ငွေနဲ့ ငွေကြေးလွှဲ ပြောင်းမှု အပါအဝင် သူတို့ရဲ့ ဝင်ငွေ လမ်းကြောင်းတွေကို ဖြတ်တောက်ပေးကြပါ။ အမျိုးသား ညီညွတ်ရေး အစိုးရကို အသိအမှတ်ပြု ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ပေးပါ။ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အာဆီယံကဲ့သို့သော ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ စစ်ကောင်စီကို တရားဝင်မှု မရှိအောင် ငြင်းပယ်ကြပါ။ ပြည်သူလူ ထုတွေ သတ်ဖြတ်ဖို့ စစ်ကောင်စီတွေ လက်နက်ဝယ်ယူတဲ့ လမ်းကြောင်းနဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ် တောက် ပေးကြပါ” ဟု ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG အနေဖြင့် စစ်ကောင်စီ၏ ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံရသည့် ပြည်သူ များကို ကာကွယ်ရန် နိုင်ငံတကာ ဥပဒေနှင့် လူ့အခွင့်အရေးများကို လိုက်နာကျင့်သုံးရန် သံဋိဌာန် ချထားပြီးဖြစ် သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက NUG အစိုးရကို ထောက်ခံ အသိအမှတ်ပြုပေးရန် NUG က တောင်း ဆိုသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဖြစ်ပေါ်လာသည့် စစ်ရေးပဋိပက္ခများကြောင့် ထွက်ပြေး တိမ်း ရှောင်နေရသည့် ပြည်သူများအတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှုများနှင့် နယ်စပ်ဖြတ်ကျော် ကူညီမှုများ ကို ပေးရန် NUG ယာယီ သမ္မတက နိုင်ငံတကာအား ၎င်း၏ နှစ်သစ်မိန့်ခွန်းထဲတွင် ထည့်သွင်းတောင်း ဆိုထား သေးသည်။

“တစ်ချိန်ထဲမှာပဲ စစ်အာဏာရှင်တွေကြောင့် အိုးပစ်အိမ်ပစ်ထွက်ပြေး နေကြရတဲ့ စစ်ဘေးရှောင်တွေကို ကာ ကွယ်ပေးကြပါ။ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးကြပါ။ ကိုဗစ် ၁၉ ခုခံကာကွယ်တဲ့ လုပ်ငန်းတွေ NUG အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါ။ စစ်အာဏာသိမ်းမှုကြောင့် ကျဆင်းလာတဲ့ စီးပွားရေးကြောင့် အလုပ် လက်မဲ့ဖြစ်ပြီး ငတ်မွတ်လာတဲ့ လူထုကို အကူအညီပေးကြပါ။ CSO တွေကို ထောက်ပံ့ပြီး လူတွေကို တိုက်ရိုက် ကူညီပေးနိုင်ဖို့ နယ်စပ်ဖြတ်ကျော် အကူအညီပေးတဲ့ စနစ်ကို ထောက်ပံ့ပေးကြပါလို့ အလေးအနက် တောင်းဆို ချင်ပါတယ်။”

လက်ရှိတွင် စစ်ကောင်စီက နိုင်ငံတဝန်းရှိ ပြည်သူများအပေါ် နှိပ်စက်ညှင်းပန်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ တိုင်း ရင်းသား အမျိုးသမီးများကို မုဒိန်းပြုကျင့်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်နေ သည့် အကြောင်းကိုလည်း NUG ယာယီ သမ္မတက ထည့်သွင်းပြောကြား ခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင် စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ပြည်သူ့ကာကွယ်ရေး တပ်များနှင့်လည်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသည်။

ထို တိုက်ပွဲများကြောင့် ဒေသခံများမှာ စစ်ဘေးလွတ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေထိုင် စားသောက်ရေးကအစ အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည့်အတွက် အကူအညီများလည်း လိုအပ်နေ သည်ဟု အကူအညီပေးနေသူများက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည် ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ်မ တော်က ရေးဆွဲထားသည့် ၂၀၀ ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသား အများစု ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဧပြီလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly