ဒီဇင်ဘာ ၃၁
ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်ခံထားရသည့် ထိုင်းနိုင်ငံမှ ပြန်လာသူများထဲတွင် COVID -19 ရောဂါ ကူးစက်ခံသူ ငါးဦး တွေ့ရှိကြောင်း ကော့သောင်းခရိုင် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
၎င်းတို့ ငါးဦးထဲမှ လေးဦးမှာ ထိုင်းနိုင်ငံတွင် ပြစ်ဒဏ် ကျခံပြီးနောက် လွှဲပြောင်း ပေးအပ် ခံထားရသူများ ဖြစ်ပြီး တစ်ဦးမှာ ရေလုပ်ငန်းမှဖြစ်ကြောင်း သိရသည်။
"ဒီလူတွေကို လက်ခံပြီးနောက်ပိုင်း နှာခေါင်းတို့ဖတ် ရယူစစ်ဆေးတဲ့ နည်းနဲ့ စစ်ဆေးရာမှာ COVID -19 ပိုး တွေ့ရှိတာ ဖြစ်တယ်" ဟု ကော့သောင်းခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် COVID -19 ရောဂါ တွေ့ရှိသူများကို ကော့သောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကုသမှုပေးထားသည်။
ထိုင်းနိုင်ငံ ၊ရနောင်းခရိုင်မှ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၄၆ ဦးတို့ကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ ဒီဇင်ဘာလ ၂၇ ရက်တွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။