ပုလဲတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် အပြန်အလှန် ပစ်ခတ်

ပုလဲတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် အပြန်အလှန် ပစ်ခတ်

ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နဂါးမတောင်ရွာ အနောက်ဘက်တွင် ကပစ (၂၃) မှ ကားအစီး ၄၀ ကျော်ပါ စစ်ကောင်စီ ယာဉ်တန်း ဒီဇင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီက မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ပြောသည်။

"ယာဉ်တန်းက အရင်နေ့တွေထဲက ထွက်လာတဲ့ ယာဉ်တန်းပဲ။ မြေပြန့်ကို မရောက်သေးတာ။ ပဒေသာမိုင်း ကိုးလုံး အရင်ခွဲတယ်၊ ကားတစ်စီးကိုတော့ ထိထိမိမိထိတယ်" ဟု ပုလဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ် (Pale People Defence Force Headquarters) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ယင်းနောက် မိနစ် ၂၀ ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကိုးဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိ ခဲ့သည်ဟု ဆိုသည်။

"ဟိုဘက်က ကိုးယောက်သေတယ်၊ အလောင်းတွေ တွေ့တယ်" ဟု ပုလဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဌာနချုပ် တာဝန်ရှိသူက ပြောသည်။

ယင်းတိုက်ခိုက်မှုကို ပုလဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဌာနချုပ် (Pale People Defence Force Headquarters) နှင့် ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA) တပ်ခွဲ (၉) တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်တွင် မကွေးတိုင်း၊ ကျောမြို့နယ်မှ ထွက်ခွါလာသော ကပစ (၂၃) မှ စစ်ကောင်စီ ယာဉ်တန်း ၄၈ စီးအား ပြင်းပင်ကွေ့တွင် ပဒေသာမိုင်း၊ တိုက်မိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွား ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required