ဒယ်လ်တာနဲ့ အိုမီခရွန် မျိုးကွဲကြောင့် ‘COVID-19 ဆူနာမီ’ ကို ဖြစ်ပေါ်စေဟု WHO ပြော 

ဒယ်လ်တာနဲ့ အိုမီခရွန် မျိုးကွဲကြောင့် ‘COVID-19 ဆူနာမီ’ ကို ဖြစ်ပေါ်စေဟု WHO ပြော 

ဒီဇင်ဘာ ၃၀

ဒယ်လ်တာနဲ့ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ရတဲ့ ‘COVID-19 ဆူနာမီ’ ကြောင့် ဝန်ဆောင်နိုင်မှုထက် ကျော်လွန်နေပြီးဖြစ်တဲ့ ကျန်းမာရေးစနစ်အတွက် ဖိအားကြီးမားစွာ ဖြစ်လာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့မှာ သတိပေးပါတယ်။ 

ဒယ်လ်တာနဲ့ အိုမီခရွန်ဟာ ဆေးရုံတက်ရခြင်းနဲ့ သေဆုံးခြင်းတွေဆီ ဦးတည်စေတဲ့ စံချိန်တင် COVID-19 ကူးစက်မှုသစ်တွေကို မောင်းနှင်နေတဲ့ ‘အမြွာခြိမ်းခြောက်မှု’ ပဲ ဖြစ်တယ်လို့ WHO က ဆိုပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာတစ်ဝန်း COVID-19 အသစ်ကူးစက်သူ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အမေရိကန်နဲ့ ပြင်သစ်မှာ ဗုဒ္ဓဟူးနေ့က စံချိန်တင် တစ်နေ့တာ ကူးစက်မှု ဖြစ်ခဲ့တယ်လို့ WHO က ဆိုပါတယ်။ 

“ဒယ်လ်တာမျိုးကွဲ ကူးစက်ပြန့်နှံ့နေချိန်မှာပဲ ပိုပြီး ကူးစက်မှု မြန်ဆန်တဲ့ အိုမီခရွန် ထွက်ပေါ်လာတာဟာ COVID-19 ကူးစက်မှု ဆူနာမီလှိုင်းလို ဖြစ်လာမှာအတွက် ကျွန်တော် အတော်လေး စိုးရိမ်တယ်”လို့ WHO အကြီးအကဲ တက်ဒရော့စ် အက်ဟန်နွမ် ဂျီဘရီယေဆက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“ခြေကုန်လက်ပန်း ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ချောက်ကမ်းပါးစွန်း ရောက်နေတဲ့ ကျန်းမာရေးစနစ်တွေအတွက် ဧရာမ ဖိစီးမှုကြီးတွေ ဖြစ်လာရလိမ့်မယ်”ဆိုပြီး သူက ပြောပါတယ်။ 

ကျန်းမာရေးစနစ်အပေါ် ဖိစီးမှုဟာ ကိုရိုနာဗိုင်းရပ်စ် လူနာသစ်တွေကြောင့် သက်သက်မဟုတ်ဘဲ COIVD-19 ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အရေအတွက် များပြားတာကြောင့်လည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

၂၀၂၁ ခုနှစ်ရဲ့ COVID-19 တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ WHO က ဆန်းစစ်ပြီး လာမယ့်နှစ်မှာ ကပ်ဘေးအဆုံးသတ်ဖို့ မျှော်လင့်ထားပေမယ့် ကာကွယ်ဆေး လိုအပ်ချက် ကြီးမားစွာ ရှိနေဆဲဖြစ်တာကို WHO က သတိပေးပါတယ်။ 

WHO အနေနဲ့ နှစ်မကုန်ခင် နိုင်ငံတိုင်းမှာ လူဦးရေ ၄၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးနှံပြီးတာကို လိုလားလျက် ရှိပါတယ်။ ၂၀၂၂ နှစ်ဝက်မကျော်ခင် လူဦးရေ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေး ထိုးပြီးရေးကို ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

WHO ရဲ့ ၁၉၄ နိုင်ငံ အဖွဲ့ဝင်တွေမှာ ၉၂ နိုင်ငံက ၄၀ ရာခိုင်နှုန်း ရည်မှန်းမှတ်ကို ပြည့်မီသေးခြင်း မရှိဘူးလို့ တက်ဒရော့စ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required