သြစတြေးလျနိုင်ငံ ဆစ်ဒနီ၌ ကျင်းပသည့် မိုင်းပွန်စော်ဘွား မဟာဒေဝီ၏ ဈာပန

သြစတြေးလျနိုင်ငံ ဆစ်ဒနီ၌ ကျင်းပသည့် မိုင်းပွန်စော်ဘွား မဟာဒေဝီ၏ ဈာပန

ဒီဇင်ဘာ ၂၉

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နတ်ရွာစံခဲ့သည့် မိုင်းပွန်စော်ဘွား မဟာဒေဝီ စဝ်ခေမာဝတီ၏ ဈာပန အခမ်းအနားကို ၂၀၂၁၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက ဆစ်ဒနီမြို့၌ ကျင်းပခဲ့သည်။

အသက် (၈၄) နှစ်အရွယ်တွင် နတ်ရွာစံခဲ့သည့် မဟာဒေဝီသည် ကျိုင်းတုံနှင့် သီပေါစော်ဘွား မိသားစုများမှ ဆင်းသက်လာသူဖြစ်ပြီး မိုင်းပွန်ဟော်၏ နောက်ဆုံး စော်ဘွားဖြစ်သူ စဝ်ဆေးဟုမ်နှင့် ၁၉၅၉ ခုနစ်တွင် လက်ဆက်ခဲ့သူ ဖြစ်သည်။

ယင်းနှစ်သည် အရပ်သား အစိုးရကို အကြပ်ကိုင်ကာ အာဏာလွှဲပြောင်း ယူထားသည့် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အိမ်စောင့်အစိုးရ လက်ထက်ဖြစ်ကာ စော်ဘွားများ အာဏာစွန့်ခဲ့ရသည့် နှစ်လည်း ဖြစ်သည်။

မိုင်းပွန်စော်ဘွား စဝ်ဆေးဟုမ် သည် ၁၉၅၇ ခုနစ်တွင် စော်ဘွားအဖြစ် သမ္မတ မန်းဝင်းမောင်၏ အသိအမှတ်ပြု ခန့်အပ်လွှာ ပေးအပ်ခြင်း ခံထားရသူဖြစ်ပြီး နောက်ပိုင်းတွင် လူမျိုးစု လွှတ်တော်အမတ် ဖြစ်လာသည်။

အာဇာနည် ခေါင်းဆောင် မိုင်းပွန်စော်ဘွားစဝ်စံထွန်း၏ သား တော်စပ်ပြီး၊ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချို၏ တူတော်စပ်သူ ဖြစ်သည့် သူမ ခင်ပွန်းသည် ပထမဆုံး ဖက်ဒရယ်အရေး လှုပ်ရှားမှုဖြစ်သည့် ၁၉၆၁ ရှမ်းဖက်ဒရယ်မူ လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၆၂ ခုနစ် အာဏာသိမ်းပွဲတွင် ဖမ်းဆီးထောင်ချ ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမနှင့် မိသားစုသည် သြစတြေးလျနိုင်ငံသို့ ဒုက္ခသည်များအဖြစ် ရောက်ရှိ ခိုလှုံလာခဲ့ခြင်း ဖြစ်သည်။

အာဇာနည် ခေါင်းဆောင်၏ ချွေးမဖြစ်သော်လည်း နိုင်ငံရေး လှိုင်းလုံးများနှင့်အတူ မြန်မာပြည်တွင် နေစဉ်ကာလ တလျှောက် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ၏ ဆွေမျိုးသားချင်းများ အနက် နောက်ပိုင်းတွင် နိုင်ငံရေး ဆက်လုပ်သူအဖြစ် ဦးခွန်ထွန်းဦး တစ်ဦးသာ ပေါ်ထွက်ခဲ့ပြီး အခြားဆွေမျိုး တော်စပ်သူ ဒေါက်တာ ဒေါ်ယဉ်ယဉ်နွှယ် မှာမူ အာဏာသိမ်း စစ်ကောင်စီ၏ အကြံပေးအဖြစ် တာဝန်ယူလာသည်ကို တွေ့ရကြောင်း ဘီဘီစီ ဆောင်းပါးတပုဒ် ဖြစ်သည့် “စဝ်ခေမာဝတီ၊ ဟော်နန်း အစောင့်ကြည့်ခံနဲ့ ဒုက္ခသည် မင်းသမီး” ဆောင်းပါးတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required