မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၅၀ နီးပါး ကော့သောင်းမြို့သို့ ပြန်ပို့ခံရ

By ကိုရွှေမြိတ်
28 December 2021
မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၅၀ နီးပါး ကော့သောင်းမြို့သို့ ပြန်ပို့ခံရ

ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ခရိုင် ၁၄ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသည့် မြန်မာ နိုင်ငံသား ၂၅၀ နီးပါးကို ယမန်နေ့ ဒီဇင်ဘာလ ၂၇ ရက်က ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း မြန်မာ အလုပ်သမား သံအရာရှိရုံးမှ သိရသည်။

အဆိုပါ ရွှေ့ပြောင်း လုပ်သား မြန်မာ နိုင်ငံသားများသည် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း၌ ပြစ်ဒဏ်များ ကျခံပြီး၊ စောင့်ဆိုင်းနေသူများဖြစ်ကာ အမျိုးသား ၁၉၁ ဦး၊ အမျိုးသမီး ၄၇ ဦး၊ ကလေး ကျား ၃ ဦး အပြင် ၎င်းတို့နှင့် အတူ ပြန်လာချိန်တွင် ကျန်းမာရေး ချို့တဲ့သော လူနာအမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၂၆၄ ဦး ဖြစ်သည်ဟု မြန်မာ အလုပ်သမား သံအရာရှိ ဦးရဲလင်းထက်က ပြောသည်။

FED-MWRC ကော့သောင်းရုံး တာဝန်ခံ ဦးမိုးဝေက "ကိုယ့်နိုင်ငံသားတွေ ဒုက္ခ အမျိုးမျိုး ဖြစ်ပြီး ရောက်လာတော့ ကျွန်တော်တို့ ကောင်းကောင်း မွန်မွန် လက်ခံ ကြိုဆိုခဲ့ပါတယ်။ နောက်ပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး အတွက် ကူညီပံ့ပိုးပေးခဲ့တယ်" ဟုပြောဆိုသည်။

အဆိုပါ မြန်မာ နိုင်ငံသားများအား Covid-19 ရောဂါ စစ်ဆေးရန် ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်ထားရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly