ထိလွယ်ရှလွယ်ကိစ္စတွေနဲ့ သွေးဆူအောင်ဆွနေတဲ့လော်ဘီတွေ Telegram မှာ  ဘယ်လိုဝါဒဖြန့်နေလဲ

By နွေမင်းသီလ
27 December 2021
ထိလွယ်ရှလွယ်ကိစ္စတွေနဲ့ သွေးဆူအောင်ဆွနေတဲ့လော်ဘီတွေ Telegram မှာ  ဘယ်လိုဝါဒဖြန့်နေလဲ

ဒီဇင်ဘာ ၂၇

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှာပိုပြီး အတင့်ရဲလာတဲ့ အစွန်းရောက် ဝါဒဖြန့်ချိရေး သမားတွေဟာ လူမှုစံနှုန်းတင်းကျပ်တဲ့  Facebook ပေါ်မှာ စိတ်တိုင်းကျ ခြယ်လှယ်ဖို့ မလွယ်ကူဘူးလို့ သဘောပေါက်လာတာကြောင့် လူမှုစံနှုန်းတင်းကျပ်မှု လျော့နည်းတဲ့ တခြား  ပလက်ဖောင်းတွေဖြစ်တဲ့ Tiktok, Youtube, VK, Viberနဲ့ Telegramတွေမှာ  ဝါဒဖြန့် ချီဖို့အတွက်ကို ခြေကုပ်ယူလာကြပါတယ်။ ဒီဆောင်းပါးထဲမှာ ဝါဒဖြန့်ချီရေးအဖြစ် အသုံးပြု နေတဲ့ Telegram ချန်နယ်တွေကို လေ့လာစောင့်ကြည့် သုတေသနပြုလုပ်ပြီး စစ်တပ်လော်ဘီအကောင့်တွေ ဝါဒဖြန့်ချီရေးနဲ့ တော်လှန်ရေးကိုပုံဖျက်မှုတွေ  ဘယ်လို လုပ်ဆောင်နေလဲဆိုတာကို ရေးသား ဖော်ထုတ်သွားမှာပဲ ဖြစ်ပါတယ်။ 

စစ်လော်ဘီ တယ်လီဂရမ်တွေက ဘာတွေလုပ်လဲ ဘယ်လိုနည်းစနစ်နဲ့ ဝါဒဖြန့် ပုံဖျက်နေလဲ

လူမှုမီဒီယာ ပလက်ဖောင်းတွေထဲမှာမှ ဇာစ်မြစ်ကို ခြေရာခံဖို့ခက်တဲ့အပြင် လူမှုစံနှုန်းတွေကို Facebookမှာ ချိုးဖောက်တာထက်ပိုပြီး ချိုးဖောက်နိုင်တဲ့  Telegram မှာ စစ်တပ်လော်ဘီတွေနဲ့ အစွန်းရောက်အမျိုးသားရေးသမားအမည်ခံ လော်ဘီတွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထင်တိုင်းကြဲနေကြပါတယ်။Telegram မှာ ရှိတဲ့ စစ်ကောင်စီလော်ဘီ Channel တွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးကို ပုံဖျက်တိုက်ခိုက်ဖို့နဲ့  စစ်ကောင်စီ အာဏာမြဲစေဖို့ ရည်ရွယ်ပြီး လက်နက်ကိုင်တော်လှန်သူတွေ အပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီဘက်တော်သားတွေကို  ပစ်မှတ်ထား တိုက်ခိုက်ရေးသားတာတာတွေ လူမျိုးစုတွေအကြား သွေးကွဲအောင် မယုံမကြည်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်တာတွေနဲ့ တော်လှန်ရေးသမားတွေကို ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာညှိုးနွမ်းစေဖို့အတွက် ရည်ရွယ်ပြီး ပုံဖျက်တိုက်ခိုက်မှုတွေနဲ့ အထင်အမြင်လွဲခံရစေနိုင်တဲ့ အကြောင်းအရာတွေ ကို လူအများမြင်သာအောင် ဖြန့်ဝေတာတို့ ခပ်စိပ်စိပ်လုပ်နေပါတယ်။

ဒီလိုထင်တိုင်းကြဲနေတဲ့ Telegram Channel တွေထဲကမှ မြန်မာနိုင်ငံရဲ့ စစ်ကောင်စီလော်ဘီအသိုင်းအဝိုင်းမှာ ရေပန်းစားနေတဲ့ Channel တချို့ကို ရွေးချယ်ထားပါတယ်။ ဒီ Channel တွေကို ရွေးချယ်တဲ့နေရာမှာ Subscriber အရေအတွက်များပြားမှု၊ အရင်ကတည်းက တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေ ပေါ်မှာရှိခဲ့တဲ့ ရေပန်းစားမှု တွေနဲ့ ပြဿနာ ရှိတဲ့အကြောင်းအရာ ဖြန့်ဝေမှုတွေအပေါ် အခြေခံပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒီ Channel တွေဟာ   ဘယ်သူမှ မသိသေးတဲ့ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ၊ လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို တော်လှန်ရေးနဲ့ ချိတ်ပြီး အသရေဖျက်တဲ့ အကြောင်းအရာတွေ ဖြန့်ဝေပါတယ်။ ဘယ်သူမှမသိသေးတဲ့ အတွင်းသတင်းတွေကို ထုတ်ပြန်ပေးတဲ့ ပုံစံမျိုးတွေသာမက သူတို့ကို စစ်တပ်က အရေးပါတဲ့ပုဂ္ဂိုလ်လို့ ထင်အောင် နာမည်ကအစ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ နာမည်ပေးပြီး စစ်တပ်အားပေး အကြောင်းအရာ ဖန်တီးဖြန့်ဝေတာတွေ လုပ်ကြပါတယ်။ အဲ့ဒီအပြင် မီဒီယာပုံစံအယောင်ဆောင်ထားတာတွေ၊ အစီအစဉ်တင်ဆက်သူလို အယောင်ဆောင် တင်ဆက်တာတွေ၊ သတင်းသမားဟောင်းဆိုတဲ့ ပုံရိပ်ကိုဗန်းပြပြီး မခိုင်လုံတဲ့ အကြောင်းအရာတွေနဲ့ စစ်ကောင်စီအတွက် ဝါဒ ဖြန့်ဝေတာတွေလည်း လုပ်ပါတယ်။

အောက်က ဇယားမှာဆိုရင် Han Neyin Oo Channel ဟာ Subscriber အရေအတွက် ၆၅,၀၀၀ကျော်(ခြောက်သောင်းခွဲကျော်) ရှိနေတာကို တွေ့မှာပါ။ စစ်ကောင်စီ ထောက်ခံသူတွေကြားမှာတော့ Subscriber အများဆုံး ရထားတဲ့ Channel လို့ ပြောလို့ ရပါတယ်။ ကျန်တဲ့ Channel တွေမှာလည်း Subscriber အရေအတွက်ဟာ နေ့စဉ်နဲ့အမျှ တိုးပွားနေပါတယ်။ ပရိသတ်အများအပြားရှိနေတဲ့ ဒီChannel တွေကနေ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေကိုသုံးပြီး လှုံ့ဆော်မှု၊ အမျိုးသမီးနဲ့ ကလေးသူငယ်ကိစ္စတွေကို အခြေခံပြီး ဇာတ်လမ်းဆင်လှုံ့ဆော်မှု၊ မီဒီယာအယောင်ဆောင်တွေက ပြည်သူတွေ မှီခိုနေရတဲ့ မီဒီယာတွေကို အကြမ်းဖက် အဖြစ်ပုံဖော်ပြီး ပြင်းပြင်းထန်ထန်နှိပ်ကွပ်ဖို့ လှုံ့ဆော်တိုက်တွန်းမှုတွေ နဲ့ Channel တွေရဲ့နောက်ကွယ်က အစုအဖွဲ့အလိုက် ပူးပေါင်းလှုပ်ရှားမှုတွေကို သတိပြုရမယ့်အခြေအနေတွေရဲ့ အကြောင်းကို လေ့လာပြီး ဖော်ပြပေးပါမယ်။


ဇယား(၁) Channel အမျိုးအစားနှင့် ပရိတ်သတ် အရေအတွက်ပြ ဇယား(၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁၃ ရက်အထိ နောက်ဆုံးရရှိထားသည့် အချက်အလက်)

ထိလွယ် ရှလွယ်ဖြစ်စေတဲ့ ဘာသာရေး ၊လူမျိုးရေး ဇာတ်ကြောင်းတွေသုံးပြီး ဝါဒဖြန့်ချီလှုံ့ဆော်မှု

Shwe yupar Oo ချန်နယ်ကနေ ထပ်ဆင့်ဖြန့်ဝေထားတဲ့ အကြောင်းအရာ

Shwe yupar Oo Telegram Channel က နေ ဖြန့်ဝေခဲ့တဲ့ အကြောင်းအရာတစ်ခုကတော့ ဗုဒ္ဓဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ နဲ့ တော်လှန်ရေးသမားတွေ ကြားမှာ ပဋိပက္ခ ဖြစ်စေဖို့ လှုံ့ဆော်ခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ အဲ့ဒီChannel ကို ကိုင်တွယ်သူဟာ Social Media Influencer ရွှေရူပါဦးအဖြစ် လူသိများပြီး စစ်တပ်ကို ကာကွယ်ပြောဆိုတဲ့ အကြောင်းအရာ နဲ့ အာဏာရှင်ဆန့်ကျင်သူတွေကို တိုက်ခိုက်တဲ့ ရေးသားမှု တွေ ဖြန့်ဝေလေ့ရှိသူ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၂ ရက်က   Facebook မှာ တင်ထားတဲ့ ပိုစ့်တစ်ခုကို Screenshot ရိုက်ပြီး Shwe yupar Oo Telegram Channel က ပြန်တင်ခဲ့ပါတယ်။ အကြောင်းအရာ ကတော့ ရဟန်းတစ်ပါးကို လုပ်ကြံနိုင်ရင် OIC က ၁၅ သိန်းပေးတယ်လို့ ဖြိုးဇေယျာသော် ဝန်ခံတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို ထပ်ဆင့် ပြန်ဝေမျှခဲ့တဲ့ Shwe yupar Oo Channel ဟာ တော်လှန်ရေးသမားတွေ နဲ့ NLD ပါတီ ထောက်ခံသူတွေဟာ အစ္စလာမ်တွေဘာသာဝင်တွေရဲ့ ခိုင်းဖက်တွေ လို့ စွပ်စွဲ ပြောဆိုထားပြီးတော့ ဘာသာရေးမုန်းတီးမှု ကြီးထွားအောင်လှုံဆော်ထားပါတယ်။ အချက်အလက်စစ်ဆေးသူ တွေ စိစစ်တဲ့အခါမှာ ဒီ အကြောင်းအရာဟာ ဦးဖြိုးဇေယျာသော် အဖမ်းဆီးခံရတဲ့ ကိစ္စ နောက်ဆက်တွဲ ပုံဖော်တဲ့ သတင်းအမှား ဖြစ်တယ်လို့ တွေ့ရကြောင်း သိရပါတယ်။  OIC ဆိုတာကတော့ The Organisation of Islamic Cooperation ဆိုတဲ့ အဖွဲ့အစည်းဖြစ်ပြီး အစ္စလာမ် ဘာသာဝင်နိုင်ငံတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ 

အဲ့ဒီအကြောင်းအရာကို ၄၈နာရီအတွင်း ကြည့်ရှုသူ ဦးရေ ၃၀၀၀ကျော် ရှိခဲ့ပြီးတော့ တစ်ပတ်အတွင်း ကြည့်ရှုသူ အရေအတွက် ဦးရေ ၄၄၀၀ ကျော်ရှိခဲ့ပါတယ်။ ရွှေရူပါဦးဟာ Facebook မှာရှိတဲ့ သူ့ရဲ့ Page တွေ ဖြုတ်ချခံရပြီးတဲ့ နောက် Telegram မှာ နေရာယူလာခဲ့ပါတယ်။  စတင်ဖွင့်လှစ်စဉ် တုန်းက Subscriber ၄,၀၀၀ကျော် ရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ Subscribe လုပ်ထားတဲ့သူ ၁၀,၀၀၀ ကျော်ရှိနေတဲ့အပြင် တစ်နေ့ကို ပုံမှန် ပို့စ် ငါးခုထက် မနည်း တင်နေတယ်လို့ ကိန်းဂဏန်း အချက်အလက်တွေအရ သိရပါတယ်။   ရွှေရူပါဦးChannel မှာ တင်တတ်တဲ့ ပြဿနာ ဖြစ်ပွားစရာ ဇာတ်ကြောင်း အကြောင်း အရာတချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

OIC မှ  ၁၅ သိန်းပေးသည်ဆိုသည့် အကြောင်းအရာ ပျံ့နှံ့မှုပြ ကိန်းဂဏန်းများ

ဘာသာရေးအခြေခံ အမုန်းတရားလှုံ့ဆော်မှု အကြောင်းအရာများ

ဒီလို ဖန်တီးလှုံ့ဆော်မှုတွေ ကြောင့် အနီလို့ သူတို့ ညွှန်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေကို စစ်တပ်ဘက်က လူတွေ ပိုမုန်းတီးလာပြီးတော့ ထိုးစစ်အမြန်ဆုံးဆင်ဖို့ တိုက်တွန်းတာ ပြောဆိုတာတွေ၊ ဗုဒ္ဒဘာသာကို စော်ကားသူတွေအဖြစ် ရှုမြင်လာတာတွေကို Comment တွေမှာတွေ့ရပါတယ်။ ဒါ့အပြင် အစ္စလာမ်ဘာသာဝင်တွေကို ဝက် မစား (ဝက်သားမစားသောသူများ) ဆိုတဲ့ စကားလုံးနဲ့ သွယ်ဝိုက်ညွှန်းဆိုထားပါသေးတယ်။ အဲ့ဒီ ဝက် မစား ဆိုတဲ့ စကားလုံးကို စစ်တပ်ထောက်ခံတဲ့ သူတွေကြားထဲမှာ အသုံးများနေတာတွေ့ရပြီးတော့ အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားပြောဆို တိုက်ခိုက်လိုတဲ့အခါ အဲ့ဒီ စကားလုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။

ဝက်မစားဆိုသည့် စကားလုံးကို Channel အများအပြားတွင် တွင်ကျယ်စွာသုံးနေကြသည့် အထောက်အထား

ဒီလို ထိလွယ်ရှလွယ်ဖြစ်တဲ့ ကိစ္စထဲမှာမှ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အခြေခံပြီး ဇာတ်လမ်းဆင်လှုံ့ဆော်တာ၊ ပစ်မှတ်ထားပြီး တိုက်ခိုက်တာတွေလည်း လော်ဘီChannel တွေကနေပြီးတော့ အထိန်းအကွပ်မရှိ လုပ်နေကြပါသေးတယ်။

စစ်အာဏာရှင်ဆန့်ကျင်တဲ့အမျိုးသမီးတွေကို ညစ်ညမ်းဗီဒီယိုတွေနဲ့ အပုတ်ချ ပုံဖျက်တိုက်ခိုက် လှုံ့ဆော်မှု 

Han Nyein Oo နာမည်နဲ့ Telegram မှာ ဖွင့်လှစ်ထားတဲ့ Channelတွေ group တွေဟာ အာဏာရှင်ဆန့်ကျင်သူတွေရဲ့ ဝတ်လစ်စားလစ်ပုံတွေ၊ လိင်ပိုင်းဆိုင်ရာညစ်ညမ်းဗွီဒီယိုတွေ အထူးသဖြင့် အမျိုးသမီးငယ်တွေရဲ့ဓာတ်ပုံတွေ ဗွီဒီယိုတွေကို ဖြန့်ဝေပြီးတော့ သူရဲ့ ပရိသတ်ကို စတင် စုဆောင်းပါတယ်။ ဒီလုပ်ရပ်ဟာ ကာကယကံရှင်ရဲ့ သဘောဆန္ဒမပါဝင်ဘဲ ကိုယ်ရေးကိုယ်တာအချက်အလက်ကိုဖြန့်ဝေတာ ဖြစ်ပြီး Telegram ရဲ့ မူဝါဒတွေထဲမှာပါတဲ့ တရားမဝင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဗွီဒီယို ဖြန့်ဖြူးတဲ့ အချက်အလက်နဲ့လည်း ငြိစွန်းပါတယ်။

အမျိုးသမီးတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ ဗွီဒီယိုတစ်ခုကို ဖြန့်ဝေထားသည့် အကြောင်းအရာ

ဖော်ပြပါပုံမှာဆိုရင် အာဏာရှင်ဆန့်ကျင်သူ အမျိုးသမီးတစ်ဦးရဲ့ အကောင့်ကို Screenshot ရိုက်ပြီး ဝတ်လစ်စားလစ်ပုံတွေ၊ ညစ်ညမ်းဗွီဒီယိုတွေနဲ့ တွဲပြီးတော့  အဲ့ဒီအမျိုးသမီးရဲ့ HD(ညစ်ညမ်းဗီဒီယို) ပါလို့ ပြန်လည် ဖြန့်ဝေနေတာဖြစ်ပါတယ်။ အာဏာရှင်ဆန့်ကျင်တဲ့သူတွေဟာ ကိုယ်ကျင့်တရား ဖောက်ပြားနေကြတယ်။  အရှက်သိက္ခာမဲ့တဲ့သူတွေလို့ ထိုးနှက်တိုက်ခိုက်ဖို့ အတွက် ပုံဖျက်ပြီး ဇာတ်လမ်းဆင် လှုံ့ဆော်နေတာကို တွေ့ရပါတယ်။
Han Nyein Oo Channelဟာ ဒီနောက်ပိုင်းမှာ စစ်တပ်ထောက်ခံတဲ့ ရေးသားမှုဖြန့်ဝေမှု၊ သတင်းအမှားဖြန့်ဝေမှု လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေ အဓိက လုပ်ခဲ့ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေနဲ့ အာဏာရှင် ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထားပြီး နှိမ်နင်းဖို့ အားပေး၊အားမြောက်ပြုတဲ့ ရေးသားချက်တွေလည်း ဖြန့်ဝေပါတယ်။ Telegram မှာတင် Han Nyein Oo ရဲ့ ဆက်စပ် Channel တွေ Group တွေဟာ ဆယ်ခုထက်မနည်းရှိနေတာကို လေ့လာတွေ့ရှိထားပါတယ်။ 

စစ်အာဏာရှင် တော်လှန်တဲ့ PDF တွေကို မုဒိမ်းမှုကျူးလွန်တယ်လို့ ပုံဖျက်ဝါဒဖြန့်ချီမှု 

နောက်ထပ် ကိစ္စတစ်ခုကတော့ စစ်ကိုင်းတိုင်း၊  ရေဦးမြို့နယ် ဝက်ဖြူကျေးရွာမှာ အောက်တိုဘာ ၁၂ ရက်က လူသတ်မှု ဖြစ်တဲ့ကိစ္စကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)လုပ်တာလို့ စွပ်စွဲထားပြီး PDFတွေအပေါ် အမုန်းတရားပွားအောင် လှုံ့ဆော်ထားပါတယ်။ မုဒိန်းကျင့်သတ်ဖြတ်တယ်ဆိုတဲ့ အဖြစ်အပျက်ကိုပါ ထည့်သွင်းပြီး ခန္ဓာကိုယ် အောက်ပိုင်း ဝတ်လစ်စားလစ်နဲ့ အမျိုးသမီးတစ်ဦး သွေးအိုင်ထဲ လဲကျနေတဲ့ ပုံကို ထည့်သုံးထားပါတယ်။ ဒီသတင်း နဲ့ ပတ်သက်ပြီး ဒီဗွီဘီ(DVB)သတင်းဌာနက ဖော်ပြချက်မှာတော့ စစ်တပ်သတင်းပေးအမျိုးသမီး နှစ်ဦးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက သတ်သွားတယ်ဆိုတဲ့ ဒေသခံတွေရဲ့ အတည်ပြုချက်ကို တွေ့ရပြီးတော့ PDF က သတ်တယ်ဆိုတာနဲ့ မုဒိမ်းမှုတွေကိုတော့ ထည့်သွင်းပြောဆိုတာမျိုး မရှိပါဘူး။  ခေတ်သစ်သတင်းဌာန(Khit Thit Media)ရဲ့ ဖော်ပြချက်မှာလည်း စစ်ကောင်စီသတင်းပေးလို့ အများစုက သတ်မှတ်ထားတဲ့ အမျိုးသမီးနှစ်ဦးအသတ်ခံရတယ် လို့ပဲ ဖော်ပြထားပြီးတော့ PDF ကိစ္စ နှင့် မုဒိမ်းမှုတွေ ပါဝင်ခြင်း မရှိပါဘူး။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များအား လူသတ်မှု နှင့် မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် အကြောင်းအရာ

ကလေးသူငယ်တွေကိုအသုံးချပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကို လျော့ကျအောင် ဝါဒဖြန့်ချီမှု 

အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို အခြေခံပြီး ဇာတ်လမ်းဆင်တဲ့ကြတဲ့ အထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ယန္တရားကိုပါ ပုံဖျက် တိုက်ခိုက်တာမျိုးတွေ ဖြန့်ဝေကြတာလည်း ရှိပါတယ် ။ တပ်ကြပ်ကြီး ဖိုးစည်ဆိုတဲ့ Channel မှာ ကျန်းမာရေးကိစ္စနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်မှု မလုံလောက်တာ CDM လုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း တွေကြောင့် ဆိုပြီးတော့ ပုံဖျက် ပြောဆိုထားပါတယ်။ 

CDM ကျန်းမာရေးဝန်ထမ်းများအား အမုန်းပွားအောင် လှုံ့ဆော်မှု

ဒီလို ပြောဆိုတဲ့နေရာမှာ မွေးကင်းစ ကလေးနှစ်ဦးရဲ့ဓာတ်ပုံကို သုံးပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) လုပ်ထားတဲ့ ဆရာဝန်/သူနာပြုတွေကြောင့် ပြည်သူ့ဆေးရုံက လွှဲစာပဲ ပေးနိုင်တဲ့အကြောင်း၊ အကျိုးဆက်ကတော့ မိခင်ရော အမွှာကလေး နှစ် ဦးပါ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုတဲ့အကြောင်း ကို ဖော်ပြထား ပါတယ်။ အကြောင်းအရင်းခိုင်ခိုင်လုံလုံ ဖော်ပြထားတာမျိုး မရှိဘဲနဲ့ မွေးကင်းစ ကလေးနှစ်ဦးနဲ့ မိခင် အသက်ဆုံးရှုံးရတာ CDM လုပ်ထားတဲ့ ဆရာဝန်တွေကြောင့် ဆိုပြီးတော့ CDM ဝန်ထမ်းတွေကို အပြစ်ရှိတဲ့သူတွေ အဖြစ်ပုံ ဖော်ထားတဲ့ အပြင် CDM လှုပ်ရှားမှုကိုလည်း ရွံ့မုန်းစရာအဖြစ် ဖန်တီး လှုံ့ဆော်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီရေးသားမှု ဖြန့်ဝေတဲ့အခါမှာ ကြည့်ရှုသူ အရေအတွက် ၃,၄၀၀ ကျော် ရှိခဲ့ပါတယ်။

အလားတူ CDM  မလုပ်တဲ့ ကျောင်းဆရာမကို သတ်ပြီး ရေထဲမျှော၊ ဆိုင်ကယ်လု သွားတဲ့ PDF ဆိုပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖျက် တိုက်ခိုက်တာ တွေလည်း ရှိပါတယ်။ အချက်အလက် စစ်ဆေးသူတွေကို မေးမြန်း အတည်ပြုကြည့်တဲ့အခါ အမျိုးသမီး အသတ်ခံရတဲ့ ဖြစ်စဉ်က အမှန်ပေမဲ့ တရားခံ တွေဟာ PDFတွေ ဖြစ်ကြောင်း ဘယ် မီဒီယာမှာမှ ဖော်ပြထားတာ မရှိဘူးလို့ဆိုကြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များအား အမုန်းပွားစေရန် လှုံ့ဆော်မှု

မီဒီယာလို့ ပြောလာရင် လက်ရှိပြည်သူတွေ မှီခိုအားထားနေရတဲ့ မီဒီယာတွေဟာ စစ်ကောင်စီ က ဖိအားပေးမှုတွေကို လက်မခံလို့ လိုင်စင်အသိမ်းခံရပြီး ဌာနချုပ်အတည်တကျမရှိဘဲ ခက်ခက်ခဲခဲ သတင်းတင်ဆက်နေရတဲ့ မီဒီယာတွေဖြစ်ပါတယ်။ အဲ့ဒီ မီဒီယာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီအားပေး Channel တွေက ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အကြောင်း သတိထားမိပါတယ်။

ပြည်သူဘက်ကရပ်တည်တဲ့ သတင်းမီဒီယာတွေကို အကြမ်းဖက်အဖြစ်ပုံဖော်ပြီး ပြင်းပြင်းထန်ထန်နှိပ်ကွပ်ဖို့ လှုံ့ဆော်တိုက်တွန်းမှု

တော်လှန်ရေးအတွင်း စစ်ကောင်စီကို အာခံပြီး ပြည်သူနဲ့ တော်လှန်ရေးသမားတွေ ဘက်က ရပ်တည်တဲ့ မီဒီယာတွေဟာ သူတို့ရဲ့ သမာ သမတ်ကျမှု ၊ သတင်းအချက်အလက် တိကျမှန်ကန်မှု တွေအပေါ် မကြာခဏ မေးခွန်းထုတ်ခံရပါတယ်။ ဒါပေမဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက် အများစုကို ဖော်ပြတဲ့အတွက်ကြောင့် ဖိနှိပ်ခံပြည်သူတွေက ပိုအားကိုးကြပါတယ်။

 စစ်တပ်အားပေး ထောက်ခံတဲ့သူတွေ ၊ စစ်တပ် လက်ကိုင်တုတ် မီဒီယာ အယောင်ဆောင် ဝါဒဖြန့်ချီရေး ဌာနတွေကတော့ ဒီ မီဒီယာတွေဟာ ဒေါ်လာစားသူတွေ၊ အစ္စလာမ်အဖွဲ့အစည်းတွေဆီက ပိုက်ဆံယူထားပြီး တိုင်းပြည်ဖျက်နေတဲ့ အဖျက်သမားတွေလို့ စွပ်စွဲပုံဖျက်ကြပါတယ်။ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာနဲ့ တပ်ပိုင်မီဒီယာတွေကလည်း ပြည်သူအားကိုးတဲ့ မီဒီယာတွေကို နှိပ်ကွပ်ပြီး အလိမ်အညာသတင်းတွေ ဖော်ပြနေတဲ့ မီဒီယာတွေလို့ ခေါင်းစဉ်တပ်သလို ဒီဟာကို ထပ်ဆင့်ပုံကြီးချဲ့  ဖော်ပြသူတွေကတော့ စစ်ကောင်စီရဲ့လက်ကိုင်တုတ် လော်ဘီ Telegram Channelတွေ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ သတင်းမီဒီယာဌာနတွေလို့ ခံယူထားတဲ့ Myanmar Hard Talk နဲ့ Myanmar National Post ဆိုတဲ့ Channel တွေဟာ ပြည်သူတွေမှီခိုအားထားနေရတဲ့ မီဒီယာတွေကို ထိုးနှက်တိုက်ခိုက်တာတွေ အဓိက လုပ်ဆောင်ပါတယ်။

ပြည်သူများမှီခိုအားထားနေရသည့် မီဒီယာများအား အစ္စလာမ်ဇာတ်သွင်းရန် ကြိုးစားနေသူများဟု တိုက်ခိုက်ထားသည့် အထောက်အထား

ပုံထဲက အကြောင်းအရာမှာတော့ မီဒီယာတွေဟာ ဗုဒ္ဓဘာသာဘက်ကနေ ဘယ်တော့မှ မရပ်တည်ဘဲ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာတွေဘက်ကနေပဲ ရပ်တည်ပြီး ရေးပေးနေပါတယ်လို့ မီဒီယာအအယောင်ဆောင် Myanmar National Post Channel က ပြောဆိုထားတာပဲ ဖြစ်ပါတယ်။ သံဃာတွေ အသတ်ခံရတာကိုတော့ ဘယ်မီဒီယာမှ မရေးကြဘဲနဲ့ မွတ်ဆလင်တွေ သေတဲ့ကိစ္စ ၊ ပလီတွေ အဖျက်ဆီးခံရတဲ့ ကိစ္စတွေကိုပဲ ရေးနေကြတယ်လို့ စွပ်စွဲပြီး မီဒီယာဂျီဟတ်လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဂျီဟတ်ဆိုတာကတော့ အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု၊ သက်ဝင်ယုံကြည်မှုတို့ကို ကိုယ်စားပြုတဲ့ စကားလုံးတစ်လုံးပါ။
Myanmar National Post မှာ အယ်ဒီတာအဖြစ် တာဝန်ယူထားပြီးတော့အဓိက မျက်နှာထွက်ပြနေတဲ့ နောင်တော်လေး(ဘိုကလေး) အမည်အရင်း နိုင်ဝင်းထွန်း    ဆိုသူဟာ အစွန်းရောက် ဗုဒ္ဓဝါဒပြန့်ပွားရေးအတွက်  အဓိက လှုပ်ရှားတဲ့ မြန်မာ့အမျိုသားရေးကွန်ရက်(MNN) မှာ အတွင်းရေးမှူး အနေနဲ့လည်း တာဝန် ယူခဲ့ပါတယ်။   နွေဦးတော်လှန်ရေးအစမှာ ကားရပ်ကမ်ပိန်း လုပ်တုန်းက ပြည်သူတွေရဲ့ ကားတွေကို သင်္ကန်းဝတ်ထားတဲ့ လူတွေက လက်နက်တွေနဲ့ ထွက်ရိုက်ကြတာတွေ၊  လူတွေကိုပါ ကိုယ်ထိလက်ရောက်လုပ်တဲ့ ကိစ္စတွေကို မှတ်မိကြဦးမှာပါ။ အဲဒီကိစ္စမှာလည်း နောင်တော်လေး ကိုင်တွယ်တဲ့မီဒီယာက မြေပြင်အခြေအနေနဲ့ သွေဖည်တဲ့ သတင်းအချက်အလက်တွေကို တောက် လျှောက်ဖြန့်ဝေခဲ့ပြီးတော့ ဆန္ဒပြပြည်သူတွေဘက်က အကြမ်းဖက်လို့ပါ ဆိုတဲ့ ဇာတ်ကြောင်းကို ပုံဖော်ပါတယ်။

ဒီအာဏာသိမ်းထားတဲ့ ကာလတွေမှာလည်း စစ်တပ်ကပြောတဲ့ သတင်းတွေသာ အမှန် ဖြစ်ပြီးတော့ ပြည်သူတွေမှီခိုနေရတဲ့ မီဒီယာတွေက တင်တဲ့သတင်းတွေဟာ လိမ်ညာရေးသားထားတာပါလို့ တောက် လျှောက်ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်း ကြည့်မြင်တိုင် ဆန္ဒပြပွဲမှာ အဖမ်းခံရတဲ့သတင်းထောက်တွေကိုလည်း သတင်းထောက်မဟုတ်ဘူး။ အကြမ်းဖက်သူတွေလို့ ပြောဆို စွပ်စွဲထားပါသေးတယ်။

Hard Talk Channel က  ဂန့်ဂေါမြို့နယ် ဘော်ပြင်းကျေးရွာ မှာ DVB သတင်းထောက်ဦးဆောင်ပြီး အပြစ်မဲ့ အရပ်သား ကိုးဦးကို သတ်ဖြတ်တယ်ဆိုတဲ့ အကြောင်းအရာကို အောက်တိုဘာ ၂ ရက်နေ့က တင်ခဲ့ပါတယ်။ နောက်ပိုင်း နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာလည်း DVB ဟာ သတင်းတွေကို လိမ်လည်ဖော်ပြနေတာဖြစ်ပြီးတော့ ပြည်ဖျက်မီဒီယာဖြစ်တယ်လို့ စွပ်စွဲတဲ့ အပြင် အဲ့ဒီ စွပ်စွဲချက်ကို ခိုင်မာဖို့ ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းပြီး အတည်ပြုတဲ့ပုံစံနဲ့ အကြောင်းအရာကို ဖန်တီးထားပါတယ်။ ရွေးကောက်ပွဲမတိုင်မီကလည်း အောင်မင်း စီမံခန့်ခွဲတဲ့ Myanmar Hard Talk Facebook page ဟာ သတင်းတု၊ သတင်းအမှားနဲ့ အမုန်းစကားတွေကို ဖြန့်လို့ Facebook ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ 

ပြည်သူများ မှီခိုအားထားရသည့် သတင်းဌာနမှ သတင်းသမားများအား ပုံဖျက်တိုက်ခိုက်ထားသည့် အကြောင်းအရာ

အဲ့ဒီအပြင် အလွတ်တန်းဓာတ်ပုံသတင်းထောက်လို့ သူ့ကိုယ်သူ ခံယူထားသူ အောင်မင်းဦးဆောင်ပြီး မြန်မာပြည်သူများ မှီခိုအားထားရသည့် မီဒီယာများနှင့် သတင်းသမားများအား ပုံဖျက်တိုက်ခိုက်ထားသည့် အကြောင်းအရာများ 

ဒီ Channel တွေဟာ မီဒီယာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာတင်မကဘဲ နွေဦးတော်လှန်ရေးကို အားလျော့စေမယ့် အကြောင်းအရာတွေနဲ့ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုတွေလည်း မကြာခဏ တင်လေ့ရှိပါတယ်။ ဒါ့အပြင် Live Stream တွေလွှင့်ပြီးတော့ သူတို့ကို အားပေးတဲ့သူတွေနဲ့ စကားပြောတဲ့ လှုပ်ရှားမှုတွေလည်း လုပ်ဆောင်တာမျိုးရှိပါတယ်။ သူတို့တွေဟာ အုပ်စုဖွဲ့လှုပ်ရှားမှုတွေ Channel အချင်းချင်း ချိတ်ဆက်တင်ဆက်မှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိနေပါတယ်။ ဒီချိတ်ဆက်မှုမှာ Channel အချင်းချင်းသာ မက Channel တစ်ခုတည်း ရဲ့ နောက်ကွယ်မှာ အုပ်စုလိုက်လှုပ်ရှားမှုတွေ ရှိနေနိုင်တာကိုလည်း သတိထားဖို့ လိုပါတယ်။

ဝါဒဖြန့်ချီရေး တယ်လီဂရမ်ချန်နယ်တွေရဲ့ နောက်ကွယ်က လှုပ်ရှားမှု

၂၀၂၁ ခုနှစ် မတိုင်မီ စစ်တပ် အာဏာမသိမ်းခင်ကာလတွေမှာ မြန်မာစစ်တပ်ရဲ့ ဝါဒဖြန့်ချီသူ တစ်နည်းအားဖြင့် လော်ဘီတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမည်ခံထားတဲ့ အစွန်းရောက်ဘုန်းကြီး ဝီရသူနဲ့ သူ့ကို ထောက်ခံတဲ့  အစွန်းရောက် အမျိုးသားရေးဝါဒီတွေဟာ လူမျိုးရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှု၊ ပုဂ္ဂိုလ်ရေး ရွံ့မုန်းမှုတွေကို အခြေခံပြီးတော့ နိုင်ငံရေးခံယူချက် မတူသူတွေကို သတင်းအမှား၊ အမုန်းစကားတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီလို တိုက်ခိုက်တဲ့နေရာမှာ လူမှုကွန်ရက်အကောင့်တွေ Page တွေ Group အစစ်တွေသာမက အတုတွေပါ ဖန်တီးပြီးတော့ တွင်တွင်ကျယ်ကျယ် ဖြန့်ဝေခဲ့ကြပါတယ်။ အကောင့်အတုတွေကိုလည်း တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ်နေတဲ့ ပုံစံမျိုးထင်ရအောင် လူပုဂ္ဂိုလ်တစ်ယောက်တည်းရဲ့ နာမည်သုံးတာတွေ ရှိပါတယ်။

    Telegram ပေါ်မှာလည်း စစ်ကောင်စီထောက်ခံတဲ့ Channel တချို့ဟာ တစ်နေ့ကို အကြောင်းအရာ ဆယ်ဂဏန်းနဲ့ ချီပြီး နေ့စဉ်မပြတ် တင်နေပေမယ့် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်တည်းက ကိုင်တွယ် လှုပ်ရှားနေတဲ့ ပုံစံနဲ့ပြုလုပ်နေကြပါတယ်။  လက်ရှိ နာမည်ကြီး Channel တွေထဲကနေ ကောက်နုတ် ဥပမာ ပေးရမယ်ဆိုရင် Thazin Oo, Han Nyein Oo, Kyaw Swar နဲ့ တပ်ကြပ်ကြီး ဖိုးစီ အစ ရှိတဲ့ Channel တွေပဲ ဖြစ်ပါတယ်။ ဒီ Channel တွေဟာ လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်တည်းက ကိုင်တွယ်ထားတယ်လို့ ထင်ရအောင် ပြုလုပ်ထားပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်းက နေ့စဉ်မပြတ် ပြုလုပ်ဖို့ မလွယ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း တွေ့ရပါတယ်။ သူတို့ရဲ့ နောက်မှာ အစုအဖွဲ့လိုက် လှုပ်ရှားမှုတွေ အချင်းချင်း ချိတ်ဆက်မှုတွေ ရှိနေနိုင်တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအနေနဲ့ ဒီ Channel တွေက ထွက်လာတဲ့ အကြောင်းအရာတွေ လှုပ်ရှားမှုတွေကို သတိထားဖို့ လိုပါတယ်။ 

အောက်ဖော်ပြပါ ဇယားမှာတော့ တစ်သီးပုဂ္ဂလ အသွင်ယူပြီး နေ့စဉ်အကြောင်းအရာ ဖြန့်ဝေမှု(Daily Post)ကို  ပျမ်းမျှ ၄၀ခုနဲ့ ၅၀ ခု ဝန်းကျင် ဖြန့်ဝေနေတာဖြစ်တဲ့အပြင် Telegram အသုံးပြုသူတွေထံ နေ့စဉ် ရောက်ရှိပျံ့နှံ့မှု(Daily Reach) ကတော့ သောင်းဂဏန်း၊ သိန်းဂဏန်း ရှိပါတယ်။ တကယ်ကို တစ်သီးပုဂ္ဂလပိုင် Channel တွေဖြစ်တဲ့ Shwe yupar Oo နဲ့ Phyo Wai တို့ လို  Channel တွေမှာဆိုရင် နေ့စဉ် အကြောင်းအရာ ဖြန့်ဝေမှု(Daily Post) ၅ခု ကနေ ၁၀ခု ဝန်းကျင်ပဲရှိတာကို တွေ့ရမှာပါ။ Myanmar National Post Channel ဆိုရင် တစ်ရက်တည်း Post ၂၀၀ ကျော်အထိ ရှိနေတာကို တွေ့ရတဲ့အတွက် အဲ့ဒီ Channel နောက်ကွယ်မှာ နောင်တော်လေး တစ်ယောက်တည်း သာမက သူ့ရဲ့ အပေါင်းအပါတွေပါ ပူးပေါင်း ပါဝင်နေကြောင်း ထင်သာမြင်သာ ရှိပါတယ်။

ဇယား(၂) နေ့စဉ် အကြောင်းအရာ ဖြန့်ဝေမှု (Daily Post) အခြေအနေနှင့် အသုံးပြုသူထံရောက်ရှိမှု(Reach)အခြေအနေ(၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ရရှိထားသည့် အချက်အလက်)

ဟန်ငြိမ်းဦး  Channel ကတော့ စစ်ကောင်စီ ထောက်ခံသူတွေကြား ရေပန်းအစားဆုံး Channel ဖြစ်ပြီးတော့ Daily Reach က ၁.၄ သန်းအထိကို ရှိနေပါတယ်။ တိုက်ရိုက်ပြန်လည်မျှဝေမှု(Forwarded Post) အကြိမ်ရေ ၈,၀၀၀ ကျော်ရှိနေပြီဖြစ်တဲ့ အတွက်ပျံ့နှံ့မှု ကြီးမားလှပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတွေက ဒီကိစ္စတွေကို သတိထားမိပြီး ဒီ Channel တွေကို ဖြုတ်ချဖို့ Telegram ဆီသတင်းပို့ပေမယ့် Telegram ဘက်က ကြီးကြီးမားမားတုံ့ပြန်မှု တစ်စုံတစ်ရာမရှိတာကြောင့် လော်ဘီ Channelတွေဟာ Telegram ပေါ်မှာဆက်ပြီး ကြီးထွားနေဆဲပါပဲ။ Channel အများစုဟာ စစ်ကောင်စီက အားထားနေရတဲ့ Telegram Channel တွေလို့လည်း ယူဆလို့ ရပါတယ်။ အချို့Channel တွေက အကြောင်းအရာတွေကို စစ်ကောင်စီထိန်းချုပ် ဝါဒဖြန့်ချီရေးChannel တွေ ကနေပြီးတော့ ပြန်ယူသုံးရတာတွေတောင် ရှိပါတယ်။     


Han Nyein Oo Channel မှ အကြောင်းအရာများအား တိုက်ရိုက်မျှဝေမှု(Forward)နှင့် ပြန်လည်ကူးယူ ညွှန်းဆိုမှု(Mention) လုပ်သည့် အကြိမ်အရေအတွက်ပြ Graph

ဝါဒဖြန့်ချီရေး ချန်နယ်တွေရဲ့ အန္တရာယ်ကို နိဂုံးချုပ် သုံးသပ်ချက် 
    
အပေါ်မှာ ဖော်ပြခဲ့တဲ့ Channel တွေဟာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးသမားတွေ၊ မီဒီယာတွေနဲ့ သတင်းဖတ်ရှုသူပြည်သူတွေအတွက် အန္တရာယ်အလွန်ရှိနေတဲ့ Channelတွေ ထဲက ပြဿနာရှိတဲ့ အကြောင်းအရာတွေကို ရွေးနှုတ်ထားတာပါ။  ဒီဟာတွေကို သုံးပြီး တော်လှန်ရေးသမားအချင်းချင်း စိတ်ဝမ်း ကွဲအောင် ၊ ဘာသာရေး ၊ လူမျိုးရေးမုန်းတီးမှုတွေကို နေ့စဉ်နဲ့ အမျှ ဆွပြီး ပြဿနာမဖြစ်ဖြစ်အောင် အဆိပ်ခတ်နေတဲ့ စစ်ကောင်စီအားပေး Telegram Channel တွေလည်း ဖြစ်ပါတယ်။ 

ဒီ Channel တွေ အဓိက ပစ်မှတ်ထားတဲ့ အရာတွေကတော့ NLD ပါတီ ၊ PDF ၊ ဒီမိုကရေစီအရေးတက်ကြွ လှုပ်ရှားသူတွေ၊ မီဒီယာတွေဖြစ်ပြီးတော့ လူမျိုးရေး၊ ဘာသာရေး၊ အနောက်နိုင်ငံဝင်ရောက်စွက်ဖက်မှု၊ ဒေါ်လာစား၊ အစ္စလာမ်ဘာသာ ၊ ခရစ်ယာန်ဘာသာ၊ CDM လှုပ်ရှားမှု၊ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှု စတဲ့ အကြောင်းအရာတွေနဲ့ ပုံဖော်ပြီး သွေးထိုး လှုံ့ဆော် လေ့ရှိပါတယ်။ 

တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ စိတ်တိုင်းကျ ချယ်လှယ်လို့ မရတဲ့ လော်ဘီတွေဟာ Telegram မှာ မုန်ယို သောင်းကျန်းနေတာဟာ ပြဿနာ ကြီးလှပါတယ်။ ဒီအရာတွေ ပိုပြီးသတိထားဖို့ လိုအပ်တယ်ဆိုတာရယ် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေရဲ့ မျက်ကွယ်မှာ စစ်ကောင်စီထောက်ခံသူတွေ အချင်းချင်း သတင်းတွေဖလှယ်ပြီး တော်လှန်ရေးကို မုန်းတီးစေဖို့ လှုံ့ဆော်နေတာကို ဆင်ခြင်သုံးသပ်ပြီးမှ Telegram မှာ သတင်းတွေ ဖတ်ရှုနိုင်ဖို့ အတွက်တိုက်တွန်းအကြံပြုချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly