PDF စခန်းအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် မိုင်းမိ

PDF စခန်းအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ် မိုင်းမိ

ဒီဇင်ဘာလ ၂၇ ရက်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြစ်ရိုးအောက်တွင် PDF ပူးပေါင်းတပ်ဖွဲ့များ၏ စခန်းကုန်းတစ်ခုအား စစ်ကောင်စီတပ်ဘက်မှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။ 

တိုက်ခိုက်ခံရသည့် စခန်းကုန်းသည် MDF Special Forces၊ မင်းကင်း မြစ်ရိုးအောက် PDF တပ်ခွဲ(၁) နှင့် တပ်ခွဲ (၂)တို့ ပူးပေါင်းအဖွဲ့များ၏ စခန်းကုန်းတစ်ခုဖြစ်သည်။ 

“စခန်းကုန်း ပတ်လည် ထောင်ထားတဲ့ မိုင်းတွေကိုတော့ ရန်သူဘက်မှ နင်းမိကြပါတယ် ။ ရန်သူဘက်မှအထိအခိုက်အကျဆုံးကိုတော့ မသိရှိရသေးပါဘူး “ဟု MDF Special Forces မှ တာဝန်ခံတစ်ဦးကပြောသည်။ 

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင်၊  မင်းကင်းမြို့ ချင်းတွင်းမြစ်ရိုးတစ်နေရာတွင် စစ်ကောင်စီတပ်မှ အင်အားများဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ စခန်းချရာနေရာတစ်ခုသို့ ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ 

“မနက်ပိုင်း ၈ နာရီခွဲအချိန်လောက်မှာ သူတို့က စပြီးပစ်ကြတယ် ။ကျွန်တော်တို့လည်း သတင်းကြိုရတော့ စခန်းကို စွန့်ခွာပြီး မိုင်းထောင်ခဲ့တယ်။ သူတို့ဘက်က လက်နက်ကြီးတွေပစ်ပြီး ကျားထိုးတက်လာတာ ကျွန်တော်တို့ဘက်က ထောင်ခဲ့တဲ့ မိုင်းလည်း လေးလုံးလောက်ကွဲတယ် “ဟု MDF Special Forces မှ တာဝန်ခံတစ်ဦးက ပြောသည်။ 

ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တပ်သားတစ်ဦးဒဏ်ရာရခဲ့ကြောင်း ၎င်းကပြောသည်။ 

“ပြည်သူတွေ ထောက်ပံကူညီမှုဖြင့် ဆင်ထားခဲ့သောမိုင်းနှင့် တောလမ်းကျွမ်းကျင်မှုတို့ကြောင့်သာ အားလုံးအသက်ဘေးနဲ့ လွတ်ခဲ့ရပါတယ် ။မကြာမီပြန်လည်တိုက်စစ်ဆင်ပါ့မယ်ဗျာ “ဟု MDF Special Forces ၏လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required