ဝီဂါများအပေါ် အခွင့်အရေး ချိုးဖောက်သည့် အကျိုးဆက်ကို တရုတ် ရင်ဆိုင်နေရ

ဝီဂါများအပေါ် အခွင့်အရေး ချိုးဖောက်သည့် အကျိုးဆက်ကို တရုတ် ရင်ဆိုင်နေရ

တရုတ်သည် ရှင်ကျန်းပြည်နယ်တွင် ဖိနှိပ်ချုပ်ချယ်မှုနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နှစ်ပေါင်းများစွာ တာဝန်ခံမှုမရှိခဲ့ပေ။ အနောက်အုပ်စုက ရှင်ကျန်းမှ ကုန်ပစ္စည်းများပေးပို့သည့် တရုတ်ကုမ္ပဏီများကို ပိတ်ဆို့အရေးယူခြင်းမှစ၍အိုလံပစ်ပွဲတော်ကို သံတမန်ရေးရာ သပိတ်မှောက်သည် အထိ လုပ်ဆောင်နေသောကြောင့် တရုတ်သည် ယခုအခါ ၎င်း၏လုပ်ရပ်များအတွက် တန်ပြန် သက်ရောက်မှုကို ခံစားနေရသည်။

ကနေဒါအခြေစိုက် ပညာရှင်အဖွဲ့အဆိုအရ တရုတ်နိုင်ငံသည် အနောက်အုပ်စု ထုတ်ပြန်ချက်များကို ပူးပေါင်းကြံစည်မှုများအဖြစ် သတ်မှတ်ပြီး တရားဝင်ဝါဒဖြန့်ချိရေးယန္တရားဖြင့် ရှင်ကျန်းဇာတ်ကြောင်းကို ကာလရှည်ကြာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။

လန်ဒန်အခြေစိုက် လွတ်လပ်သော ခုံရုံးတစ်ခုဖြစ်သည့် ဝီဂါခုံသမာဓိရုံးက တရုတ်သည် ရှင်ကျန်းပြည်နယ်ရှိ ဝီဂါနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဒီဇင်ဘာ ၁၀ ရက်က ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံတကာအခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) က ဖော်ပြခဲ့သည်။

ရှင်ကျန်းပြည်နယ်လုပ်ရပ်များအတွက် ဘိုင်ဒင်၏အမေရိကန်အစိုးရအဖွဲ့က တရုတ် စစ်ဘက် ဆေးသိပ္ပံအကယ်ဒမီနှင့် ၎င်း၏ သုတေသနဌာန ၁၁ ခုအပေါ် ဒီဇင်ဘာ ၁၆ ရက်တွင် ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်ခဲ့သည်။

ယခုအခါတွင် တရုတ်နိုင်ငံသည် မျက်နှာပုံပန်းသဏ္ဍာန်မှတ်သားခြင်းစနစ်ကိုအသုံးပြုသည့် နည်းပညာမြင့် စောင့်ကြည့်ရေးစနစ်တစ်ခုကို ဒေသအနှံ့ တည်ဆောက်နေကာ ရှင်ကျန်းရှိနေထိုင်သူအားလုံးထံမှ DNA နမူနာများကို စုဆောင်းလျက်ရှိသည်ဟု အမေရိကန်တာဝန်ရှိသူများက မှတ်ချက်ပြုခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက်က ရှားရှားပါးပါး နှစ်ပါတီသဘောတူညီချက်ဖြင့် အမေရိကန်အထက်လွှတ်တော်သည် ဝီဂါများအား အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ ကာကွယ်ရေးဥပဒေကြမ်းကို တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့ သည်။ ထုတ်ကုန်ပစ္စည်းများအား အဓမ္မလုပ်အားဖြင့် မပြုလုပ်ကြောင်းကို အမေရိကန်အစိုးရက ရှင်းလင်း ယုံကြည်ရသော သက်သေအထောက်အထားများနှင့် မဆုံးဖြတ်နိုင်ပါက ရှင်ကျန်းမှ ပို့ကုန်အားလုံးကို တားမြစ်သွားမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်ပွဲကို သပိတ်မှောက်ရန် လှုပ်ရှားမှုများ ကြီးထွားလာချိန် အမေရိကန်၏ အရေးယူလုပ်ဆောင်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ကန့်ကွက်ရန် အမေရိကန်နှင့် အခြား ၅ နိုင်ငံတို့သည် အားကစားပွဲများကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်း ကြေညာထားပြီးဖြစ်သည်။ အဆိုပါလှုပ်ရှားမှုတွင် နိုင်ငံများ ထပ်မံပါဝင်လာနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly