ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းတချို့မှ ကလေးများ၏ ခရစ္စမတ်နေ့

By ဂျာမုန်း
27 December 2021
ကရင်နီပြည်နယ်ရှိ စစ်ရှောင်စခန်းတချို့မှ ကလေးများ၏ ခရစ္စမတ်နေ့

ကရင်နီပြည်နယ်၊ ကျေးရွာတချို့ရှိ စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ ကလေးများအတွက် ပျော်ရွှင်စရာ ခရစ္စမတ်နေ့အား ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့တွင် Clean Yangon အဖွဲ့သားများက ဖန်တီးပေးခဲ့ကြသည်။

လူသားတိုင်း ပျော်ရွှင်ကြသည့် ခရစ္စမတ်နေ့တွင် တိုက်ပွဲများကြောင့် တိမ်းရှောင်ရင်း ဒုက္ခရောက်နေကြသူ အထူးသဖြင့် ကလေးငယ်များအား အမှတ်တရကောင်းများနှင့် ထိုနေ့ကို ဖြတ်သန်းစေချင်ကြောင်း Clean Yangon အဖွဲ့ဝင် တစ်ဦးက မဇ္ဈိမအား ပြောပြသည်။

“ကလေးတွေကို ပုံမှန်လက်ဆောင်ပေးတာထက်စာရင် နေရပ်ဝေးနေတဲ့အချိန် ငယ်တဲ့ကလေးဘဝလေးမှာ အမှတ်တရတစ်ခုခုလေး ဖြစ်သွားစေချင်တယ်။ ဒီ ဆန်တာကလော့(ခရစ္စမတ်ဘိုးဘိုးကြီး)ကို မြင်လိုက်တဲ့အချိန် သူတို့စိတ်ထဲ လုံးဝအံ့အားသင့်သွားပြီး အရမ်းပျော်သွားတာမျိုးလေး ဖြစ်စေချင်တယ်။ ဒါကြောင့် ဆန်တာကလော့ဝတ်စုံကို လှမ်းမှာတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ခရစ္စမတ်နေ့တွင် အဖွဲ့သားများက စစ်ဘေးရှောင်စခန်း သုံးခုသို့သွားရောက်ကာ ကလေးများကို လက်ဆောင်ပေးခြင်းအပြင် ပုံပြင်ပြောပြခြင်း၊ အစာအာဟာရကျွေးခြင်းများလည်း ပြုလုပ်ပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြသည်။

“အဓိကကတော့ ကလေးတွေကို သူတို့ကြီးပဲ မဟုတ်ဘူး။ သူတို့နဲ့အတူ အမတို့အတူရှိတယ်။ ဆရာ၊ ဆရာမတွေလည်း အတူရှိတယ် ဆိုတဲ့ဟာမျိုးလေး ခံစားမိအောင်ပေါ့။ တချို့ကလေးတွေဆို ဆန်တာကလော့ဆိုတာ ပုံတောင်မမြင်ဖူးတဲ့ကလေးတွေရှိတယ်။ ဒီတော့ သူတို့ပျော်ရွှင်တာလေးတွေကို တွေ့ရတာပေါ့။ ကလေးအရေအတွက်က အမတို့ ဒံပေါက်နဲ့ အအေးတိုက်တဲ့ စခန်းဆိုရင် အယောက် ၃၀၀ ကျော်တယ်။ နောက်တစ်ခုက အဲ့နေ့မှာပဲ ကလေးတွေကို Hot dog ကျွေးတဲ့စခန်းဆို ၁၀၀ ကျော်ရှိတယ်။ နောက်ဆုံး ရေခဲမုန့်၊ ကိတ်မုန့်ကျွေးတဲ့ စခန်းဆို ၁၂၀ နဲ့ ၁၃၀ ကြားရှိတယ်” ဟု Clean Yangon အဖွဲ့ဝင် တစ်ဦးက

ပြောသည်။

စစ်ကောင်စီ၏ အစစ်အဆေး အဖမ်းအဆီးများကြောင့် ကလေးများအား ယခုကဲ့သို့ အယောက်စေ့ လက်ဆောင်ပေးနိုင်ရန် အရုပ်များအဆင့်ဆင့် မှာယူ၊ သယ်ယူရာတွင်လည်း အခက်အခဲများရှိခဲ့ပြီး တချို့အရုပ်များအတွက် လမ်းခရီးတွင်ပင် အချိန် တစ်လကျော်နီးပါး ကြာမြင့်ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် လက်ဆောင်ထုတ်ပိုးမှုအပါအဝင် အခြားအရာများအတွက်လည်း အသေးစိတ်အချိန်ပေးကာ ကြိုတင်ပြင်ဆင်ခဲ့ကြရသည်။

“ဒီဘက်တွေက ခရစ္စမတ်နဲ့ပတ်သက်ရင် သူတို့က အမြဲကျင်းပနေကြ၊ ဒီအချိန်မှာ သူတို့က ဒီနေရာကိုလာပြီးတော့နေနေရတဲ့အချိန်မှာ ကျွန်တော်တို့က တစ်ခဏတာ ဖြစ်ဖြစ်ပျော်စေချင်တယ်။ ဒါကြောင့် ဆန်တာကလော့ပုံစံဝတ်ပြီး လက်ဆောင်ပေးတဲ့အရုပ်တွေနဲ့ ကလေးတွေကို ပျော်အောင် လုပ်ပေးဖြစပါတယ်”ဟု ဆန်တာကလော့အဖြစ်ပါဝင်ခဲ့သည့် အဖွဲ့ဝင်က ဆိုသည်။

ကလေးများမှ ဆန်တာကလော့အားတွေ့မြင်သည့်အခါ ပျော်ရွှင်သွားကြပုံကိုလည်း Clean Yangon အဖွဲ့ဝင်က ပြောပြသည်။

“အမတို့ကအရင်ဆုံးသူတို့ကို မျက်စိပိတ်ခိုင်းထားတယ်။ ဆန်တာကလော့က သူတို့လက်ထဲ လက်ဆောင်ပစ္စည်းထည့်လိုက်တဲ့အချိန်မှ မျက်စိဖွင့်ခိုင်းတယ်။ အဲ့ထဲမှာ မျက်လုံးလေးတွေဖွင့်ပြီး ချောင်းကြည့်တဲ့ကလေးတွေရှိတယ်။ အဲ့မှာ ဆန်တာကလော့ကိုတွေ့တော့ အရမ်းပျော်သွားကြတယ်။ အံ့လည်း အံ့ဩသွားကြတယ်။ သူတို့တစ်ခါမှ မတွေ့ဖူးတဲ့အရာ တွေ့လိုက်ရတော့ သူတို့ပျော်သွားတယ်။ ဆန်တာကလော့က သူတို့ကို ဘာပေးမလဲဆိုတာမျိုးတွေလည်း မျှော်လင့်ကြတာတွေ့ရတယ်” ဟု သူက ပြန်ပြောပြသည်။

ယခုကဲ့သို့ ကလေးများအတွက် ခရစ္စမတ်နေ့တွင် အမှတ်တရကောင်းများ ဖန်တီးပေးနိုင်ခဲ့သည့်အပေါ် အရမ်းဝမ်းသာကြည်နူးခဲ့ရကြောင်းလည်း သူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly