လစ်ဗျားကမ်းခြေမှာ ရွှေ့ပြောင်းဝင်ရောက်သူ ရုပ်အလောင်း ၂၀ ကျော် သောင်တင် 

လစ်ဗျားကမ်းခြေမှာ ရွှေ့ပြောင်းဝင်ရောက်သူ ရုပ်အလောင်း ၂၀ ကျော် သောင်တင် 

ဒီဇင်ဘာ ၂၇

ကမ္ဘာမှာ သေဆုံးမှုအများဆုံး ရွှေ့ပြောင်းဝင်ရောက်သူ လမ်းကြောင်းက နောက်ဆုံး အဖြစ်ဆိုးအဖြစ် လစ်ဗျား အနောက်ပိုင်း ကမ်းခြေမှာ စက်လှေနစ်မြုပ်ပြီး ရွှေ့ပြောင်းဝင်ရောက်သူ ၂၈ ဦးရဲ့ ရုပ်အလောင်းတွေ သောင်တင်လာကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

“မြို့တော် ထရီမိုလီကနေ ၅၅ မိုင်အကွာက အယ်လ် အာလော့စ်ကမ်းခြေရဲ့ နေရာနှစ်နေရာမှာ လစ်ဗျားကြက်ခြေနီအဖွဲ့က ရုပ်အလောင်း ၂၈ လောင်းနဲ့ အသက်ရှင်သူ သုံးဦးကို တွေ့ရှိတာပါ”လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ 

“စက်လှေမြုပ်တာ ရက်နည်းနည်း ကြာပြီဆိုတော့ ရုပ်အလောင်းတွေဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်”လို့ သူက ပြောရင်း လာမယ့် အချိန်အတွင်း သေဆုံးသူ ထပ်တိုးနိုင်ခြေ ရှိတယ်လို့ ထပ်လောင်းဆိုပါတယ်။ 

ကမ်းခြေတစ်လျှောက် အိတ်တွေနဲ့ ထုပ်ပိုးပြီး တန်းစီရှိနေတဲ့ ရုပ်အလောင်းတွေကို လစ်ဗျားမီဒီယာတွေက ဓာတ်ပုံတွေ ဖော်ပြခဲ့ပါတယ်။ 

ဆယ်စုနှစ်ကြာ ပဋိပက္ခတွေနဲ့ ဥပဒေ ထိန်းချုပ်မှုမဲ့နေတဲ့ လစ်ဗျားဟာ အာဖရိကနဲ့ အာရှကနေ ဥရောပဆီ အလွန်အမင်း သွားရောက်လိုတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအတွက် အဓိက ကြားခံနယ်မြေတစ်ရပ် ဖြစ်လာပါတယ်။ 

အခု နောက်ဆုံး အဖြစ်ဆိုးမတိုင်ခင် ရက်ပိုင်းမှာပဲ အလားတူ စက်လှေနစ်မြုပ်မှုကြောင့် သီတင်းတစ်ပတ်အတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၁၆၀ သေဆုံးထားတာ ဖြစ်ပါတယ်။ ဒီအတွက် အခုနှစ်အတွင်း သေဆုံးရတဲ့ ရွှေ့ပြောင်းဝင်ရောက်သူဦးရေဟာ ၁၅၀၀ အထိ ရှီသွားပြီလို့ ရွှေ့ပြောင်းဝင်ရောက်သူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM အရ သိရပါတယ်။ 

အလားတူ ကာလအတွင်း ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀၀၀ ကျော်ထက်မနည်းကို ကြားဖြတ်ဟန့်တားခဲ့ပြီး လစ်ဗျားနိုင်ငံဆီ ပြန်လည်ပို့ဆောင်ခဲ့ရတယ်လို့ IOM က ဆိုပါတယ်။ 

ဥရောပကမ်းရိုးတန်းဆီ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်ကို လျှော့ချနိုင်ရေးအတွက် အီးယူဟာ လစ်ဗျားကမ်းခြေစောင့်တပ်နဲ့အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်နေလျက် ရှိပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly