ရေဦးမြို့နယ်၊ ရေမြက်ရွာသား ၁၀ ဦးကျော်ကို စစ်ကောင်စီတပ် သတ်သွားဟု ဒေသခံများပြော

ရေဦးမြို့နယ်၊ ရေမြက်ရွာသား ၁၀ ဦးကျော်ကို စစ်ကောင်စီတပ် သတ်သွားဟု ဒေသခံများပြော

ဒီဇင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရေမြက်ရွာသား ၁၁ ဦးကို စစ်ကောင်စီ တပ်များက သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

"ရဟတ်ယာဉ် သုံးစီးက လာပစ်တယ်။ နှစ်စီးက ရွာပတ်ပတ်လည်မှာ လူတွေချသွားတယ်။ ပြီးတော့ ရွာထဲကို ဝင်ပြီး အိမ်တွေကို မီးရှို့တယ်။ ကားတွေ ဆိုင်ကယ်တွေကိုလည်း မီးရှို့တယ်။ လူ ၁၁ ယောက် ကိုလည်း ပစ်သတ်သွားတယ်။ ပစ်သတ်တယ် ဆိုတာက သူတို့လာတဲ့ အချိန် လမ်းမှာ တွေ့တဲ့ လူတွေကို ပစ်သတ်တာ"ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီ တပ်များသည် အဆိုပါရွာနှင့် အနီးနေရာများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်က ရဟတ်ယာဉ် ငါးစင်းဖြင့် လာရောက်ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ရပြီး ကျေးရွာအတွင်းမှ ဆိုင်ကယ် အစီး ၃၀၊ ကား သုံးစီး နှင့် အိမ်ခြေ ၄၀ ကျော်လည်း မီးလောင် ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

"သေတဲ့ထဲမှာ စိတ်မနှံ့တဲ့ ကလေးမလေး တစ်ယောက်ပါတယ်။ သူက အိမ်ထဲမှာ ပိတ်မိပြီး လက်နက်ကြီးလည်း အိမ်ပေါ်ကိုကျပြီး ပေါက်ကွဲတယ်။ အိမ်လည်း မီးလောင်ပြီး အိမ်ထဲမှာ ဆုံးသွားတာ။ သူတို့က သေတဲ့လူတွေကို မြေကြီးတွေနဲ့ဖုံးပြီး အပေါ်ကနေ သစ်ကိုင်းခြောက်တွေ တင်ပြီး မီးရှို့ထားကြတာ။ နောက်မှ ပြန်ဖော်ပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ် လိုက်ရတယ်" ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ လာရောက်ပစ်ခတ်မှုကြောင့် ရေမြက်ရွာ နှင့် အနီးရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံ ဦးရေ ၆,၀၀၀ ခန့် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရကြောင်း တိမ်းရှောင်နေသည့် ဒေသခံ တစ်ဦးက ပြောသည်။

"ထွက်ပြေးနေရတဲ့ အထဲမှာ ကိုယ်ဝန်ဆောင် တစ်ယောက် ပါတယ်။ သူက ၂၂ ရက်နေ့ ညပိုင်းက မီးဖွားတယ်။ သမီးလေးမွေးတယ်။ ကလေးရာ မိခင်ရော ကျန်းမာတယ်"ဟု ၎င်းက ပြောသည်။

ရေဦးမြို့နယ်၊ တင်းတိမ်ရံ တိုက်နယ်အတွင်းသို့လည်း ဒီဇင်ဘာလ ၂၀ ရက်က စတင်ကာ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်းများ ပြုလုပ်နေပြီး ဒီဇင်ဘာလ ၂၄ ရက်မှစ၍ တပ်ဆွဲထားကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required