'ပူတင်ဟာ ယူကရိန်းကို ဖျက်ဆီးချင်နေတယ်' လို့ ကိယက်ဗ် လုံခြုံရေးအကြီးအကဲ ပြော

'ပူတင်ဟာ ယူကရိန်းကို ဖျက်ဆီးချင်နေတယ်' လို့ ကိယက်ဗ် လုံခြုံရေးအကြီးအကဲ ပြော
Photo - AFP

ဒီဇင်ဘာ ၂၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းကို ဖျက်ဆီးဖို့ သန္နိဋ္ဌာန်ချထားသူ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံရဲ့ အဆင့်မြင့် လုံခြုံရေးအရာရှိကြီးတစ်ဦးက ဒီဇင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း မကြာမီ ကျူးကျော်လာနိုင်မယ့် အန္တရာယ် ကြီးကြီးမားမားတော့ မရှိဘူးလို့ ၎င်းက ပြောခဲ့ပါတယ်။

ယူကရိန်းရဲ့ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူးဖြစ်တဲ့ အိုလက်ခ်ဆီ ဒန်နီလော့ဗ်က အေအက်ဖ်ပီသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ရာမှာ မော်စကိုရဲ့ ကျူးကျော်ဝင်ရောက်နိုင်မှုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေက ယူကရိန်းကို မတည်မငြိမ်ဖြစ်စေနိုင်ပြီး ပူတင်ကို အားသာချက်တစ်ခု ရစေသလို ဖြစ်စေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

"ပူတင်က ကျွန်တော်တို့ နိုင်ငံကို ဖျက်ဆီးချင်နေပါတယ်၊ သူ အောင်မြင်မှာလား၊ နိုး၊ သူ အောင်မြင်မှာ မဟုတ်ပါဘူး" လို့ ဒန်နီလော့ဗ်က ပြောခဲ့ပါတယ်။

"ကျွန်တော်တို့ နိုင်ငံသားတွေက ကျွန်တော်တို့ နိုင်ငံကို ကာကွယ်သွားမှာဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။ တကယ်လို့များ ရုရှားဘက်က တိုက်ခိုက်လာမယ်ဆိုရင် ယူကရိန်းစစ်တပ်နဲ့ နိုင်ငံသားတွေဟာ ကျယ်ပြန့်တဲ့ အမျိုးသား 'ခုခံတော်လှန်ရေး' လှုပ်ရှားမှုတစ်ခုကို ပုံဖော်သွားမှာဖြစ်တယ်လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။

"ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံကို ကာကွယ်သွားကြမှာပါ"

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည်တွေ အင်အားတိုးမြှင့်ချထားပြီး ပူတင်ဟာ ကျူးကျော်ဝင်ရောက်မှုတစ်ခု လုပ်ဖို့ စီစဉ်နေကြောင်း ဝါရှင်တန်က နိုဝင်ဘာလလယ်ပိုင်းက သတိပေးထုတ်ဖော်ခဲ့ပြီးနောက်ပိုင်း တင်းမာမှုတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၅၉ နှစ်ရှိ ဒန်နီလော့ဗ်ကတော့ ကြီးကြီးမားမား စစ်ရေးအရှိန်မြင့်မှုတစ်ခု ဖြစ်နိုင်မယ့်အန္တရာယ်ကို ဘေးချိတ်ထားခဲ့ပြီး ယူကရိန်းတာဝန်ရှိသူတွေအနေနဲ့ 'အလွန်အရေးပါတဲ့ စစ်အင်အား ကြီးထွားလာမှု' ကို မတွေ့မြင်ထားဘူးလို့ ပြောပါတယ်။

ကိယက်ဗ်ရဲ့ ခန့်မှန်းချက်တွေအရ ယူကရိန်းရဲ့ နယ်စပ်တွေတလျောက် ရုရှားစစ်သည် အင်အားဟာ အောက်တိုဘာလက ၉၃,၀၀၀ ကနေ လက်ရှိ ၁၀၄,၀၀၀ ကို မြင့်တက်ထားခဲ့တယ်လို့ သိရပါတယ်။

"ဒါက ကြီးမားတဲ့ တစ်ရှိန်ထိုးမြင့်တက်မှုတစ်ခုလို့ ကျွန်တော်တို့ မမြင်ပါဘူး" လို့ ဒန်နီလော့ဗ်က ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ စစ်ပွဲအကြောင်း ပြောဆိုမှုတွေနဲ့အတူ 'ပြည်သူတွေကို အလန့်တကြား' မဖြစ်စေချင်ဘူးလို့ ယူကရိန်းသမ္မတရဲ့ လုံခြုံရေးလက်ထောက်ဖြစ်တဲ့ ဒန်နီလော့ဗ်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly