ဆူဒန်မှာ အာဏာသိမ်းမှုအပေါ် လူသောင်းချီ ဆန့်ကျင်ဆန္ဒပြ၊ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း

ဆူဒန်မှာ အာဏာသိမ်းမှုအပေါ် လူသောင်းချီ ဆန့်ကျင်ဆန္ဒပြ၊ လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွင်း
Photo - AFP

ဒီဇင်ဘာ ၂၆

ဆူဒန်နိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီး နှစ်လကြာပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက်က ပြည်သူသောင်းချီဟာ လမ်းတွေပေါ် စုဝေးချီတက်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆူဒန် ဆန္ဒပြသူတွေရဲ့ စုဝေးမှုတွေမှာ စစ်သားတွေ "စစ်တန်းလျားတွေဆီ ပြန်သွားကြဖို့" နဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုဆီ ပြန်သွားဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရပြီး လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့ကြားကပဲ ဆန္ဒပြလူအုပ်စုတွေဟာ အလံတွေ ဝှေ့ယမ်းရင်း၊ ဗုံတွေ တီးရင်း၊ ကခုန်၊ ကြွေးကြော်ကြရင်းနဲ့ ခါတွမ်မြို့ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ယင်းနောက်မှာတော့ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။

ဒဏ်ရာရသူတချို့ကို ဆန္ဒပြသူတွေက ရွှေ့ပြောင်းခေါ်ထုတ်သွားတာကို အေအက်ဖ်ပီ သတင်းသမားတစ်ဦးက မြင်တွေ့ခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆေးရုံတွေထဲအထိ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခဲ့ပြီး ဆရာဝန်တွေရော၊ ဒဏ်ရာရထားသူတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဒီမိုကရေစီ လိုလားတဲ့လှုပ်ရှားမှုရဲ့ တစိတ်တဒေသဖြစ်တဲ့ ဆရာဝန်များ ကော်မတီက ပြောပါတယ်။

အာဏာပိုင်တွေဟာ ဒီ စီစဉ်ထားတဲ့ ဆန္ဒပြမှုတွေမတိုင်မီ အစောပိုင်းက မြို့တော် နဲ့ အခြား ဆင်ခြေဖုံးအရပ်တွေကို ဆက်သွယ်တဲ့ တံတားတွေမှာ တားဆီးပိတ်ဆို့ထားတာ၊ ဖုန်းလိုင်းတွေ ဖြတ်တာ၊ အင်တာနက်လိုင်းတွေ ကန့်သတ်တာတို့ကို လုပ်ဆောင်ထားခဲ့ပါတယ်။

သီတင်းပတ်တွေနဲ့ချီကြာတဲ့ ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း ဖြိုခွင်းခံရမှုကြောင့် အနည်းဆုံး လူ ၄၈ ဦး သေဆုံးခဲ့တယ်လို့ ဆရာဝန်များ ကော်မတီက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဥပဒေချိုးဖောက်သူတွေနဲ့ ဖရိုဖရဲအခြေအနေဖြစ်အောင် ဖန်တီးသူတွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်တယ်လို့ ခါတွမ်ရဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက်က စစ်တပ်ဗိုလ်ချုပ်ကြီး အဗ္ဗဒဲလ် ဖာတာ အယ်လ်-ဘာဟန် အာဏာရယူပြီးနောက် အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ဌာနချုပ်ဖြစ်တဲ့ ခါတွမ်ရဲ့ သမ္မတအိမ်တော်နားမှာ ဆန္ဒပြသူတွေ လာရောက်စုဝေးဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဘာဟန်ဟာ အရပ်သားခေါင်းဆောင် ဝန်ကြီးချုပ် အက်ဘ်ဒဲလာ ဟမ်းဒေါ့ခ်ကို သီတင်းပတ်တွေနဲ့ကြာ နေအိမ်အကျယ်ချုပ်ထားခဲ့ပါတယ်။

ယင်းနောက် အရေးကြီးတဲ့ အကူအညီ ဖြတ်တောက်မှု အပါအဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေကြောင့် ဘာဟန်က ၂၀၂၃ ဇူလိုင်မှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပေးရင်း သဘောတူညီချက်တစ်ခုအောက်မှာ ဟမ်းဒေါ့ခ်ကို နိုဝင်ဘာ ၂၁ ရက်မှာ မူလရာထူးပြန်ပေးထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိုလုပ်ဆောင်ချက်အပေါ် ဟမ်းဒေါ့ခ်ရဲ့ ဒီမိုကရေစီလိုလားတဲ့ ထောက်ခံသူ အများအပြားက လက်မခံဘဲ ဒါဟာ ဘာဟန်ရဲ့ အာဏာသိမ်းမှုအတွက် တရားဝင်ဖြစ်စေမယ့် အကာအကွယ်တစ်ခုကို ရစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုထားခဲ့ကြပါတယ်။

"အောက်တိုဘာ ၂၅ မှာ ဖြစ်ခဲ့တာတွေက အာဏာသိမ်းမှုတစ်ခုပါပဲ၊ ကျွန်မတို့ကတော့ အရပ်သားအစိုးရတစ်ရပ် ပြန်မပေါ်မချင်း ဆက်လက် ဆန္ဒပြသွားမှာဖြစ်ပါတယ်" လို့ သမ္မတအိမ်တော်အနားမှာ ရှိနေတဲ့ နှာခေါင်းစည်းတပ် အမျိုးသမီးဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီကို ဒီဇင်ဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly