ဖိလစ်ပိုင် မုန်တိုင်းဘေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုလသမဂ္ဂ ရန်ပုံငွေ ရှာ

ဖိလစ်ပိုင် မုန်တိုင်းဘေးအတွက် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ကုလသမဂ္ဂ ရန်ပုံငွေ ရှာ
Photo - AFP

ဒီဇင်ဘာလ ၂၅ ရက်

ပြီးခဲ့တဲ့ သီတင်းပတ်က ဖိလစ်ပိုင်မှာ ဖျက်ဆီးမွှေနှောက်ခဲ့တဲ့ ရိုင် တိုင်ဖုန်မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အကူအညီပေးရေးအတွက် ကုလသမဂ္ဂဟာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၇ ဒသမ ၂ သန်း မတည်နိုင်ဖို့ သောကြာနေ့မှာ ရန်ပုံငွေရှာဖွေပွဲကို စတင်ပါတယ်။ 

ရရှိတဲ့ ဒီ ရန်ပုံငွေကြေးနဲ့ မုန်တိုင်းဘေး အကျရောက်ဆုံး ဒေသတွေက ပြည်သူ ၅၃၀၀၀၀ ဆီ အကူအညီတွေ ပေးသွားဖို့ ရှေရှုထားတာလည်း ဖြစ်ပါတယ်။  

ရိုင်မုန်တိုင်းဒဏ် ဘေးအသင့်ဆုံး ဒေသတွေမှာ ပြည်သူတွေဟာ သောက်သုံးရေ အရေတကြီးလိုအပ်နေပြီး မိလ္လာစနစ်တွေ၊ အစားအစာနဲ့ အရေးပေါ်ခိုလှုံရေးစခန်းတွေလည်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ 

“အပြည့်အဝ ကူညီထောက်ပံ့ရမယ့် အခြေအနေပါပဲ”လို့ ဖိလစ်ပိုင်က ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး ဂူစတာဗိုက အစောပိုင်းက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“အခုဆိုရင် စိန်ခေါ်မှုအားလုံးကို မျက်မြင်ကြုံနေရပြီ၊ စည်းလုံးညီညွတ်မှုနဲ့ ရုတ်ခြည်းတုံ့ပြန်သွားရမှာ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

ဖိလစ်ပိုင်ကျွန်းရဲ့ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ရိုင် စူပါတိုင်းဖုန်းမုန်တိုင်း တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၃၇၅ ဦး သေဆုံးခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူပေါင်း ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။ 

မုန်တိုင်းကြောင့် နေအိမ်တွေ ပြိုကျပျက်စီးပြီး သစ်ပင်တွေ လဲကျသလို ကောက်ပဲသီးနှံစိုက်ခင်းတွေလည်း ပျက်စီးပါတယ်။ ငါးဖမ်းစက်လှေတွေ ပျက်စီးပြီး ကျွန်းတစ်ခုလုံး လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာ ဖြစ်ပါတယ်။ 

အဆိုးဆုံး မုန်တိုင်းသင့်ရာ ဒေသတွေဆီ စစ်တပ်၊ ကမ်းခြေစောင့်တပ်နဲ့ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေက အစားအစာ၊ သောက်သုံးရေနဲ့ ယာယီတဲစခန်းတွေကို အဆောတလျင် ကူညီပေးနေရပါတယ်။ 

ဒါပေမဲ့ ပျက်စီးမှု အတိုင်းအတာ ကြီးမားပြီး နယ်မြေတော်တော်များများမှာ ဖုန်းလိုင်းတွေ မမိတာနဲ့ အင်တာနက် ပြတ်တောက်တာတွေက အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို ဝန်ပိစေလျက် ရှိတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly