မင်းတပ် တိုက်ပွဲများကြောင့် ကျောက်ထုစခန်းတွင် စစ်ဘေးရှောင် ပြန်များလာ

မင်းတပ် တိုက်ပွဲများကြောင့် ကျောက်ထုစခန်းတွင် စစ်ဘေးရှောင် ပြန်များလာ

ဒီဇင်ဘာ ၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာသည့်အတွက် ကျောက်ထုဒေသဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ဦးရေ ပြန်လည်များပြားလာပြီး အကူညီများ လိုအပ်နေသည်ဟု သိရသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့မှ စတင်ပြီး မင်းတပ်မြို့နယ်၊ ဘုရားစခန်းရွာသို့ စစ်ကောင်စီတပ်များ တောလမ်းမှ ရောက်လာခဲ့ပြီးနောက် မင်းတပ် CDF နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ရှိတွင် ဒေသခံများ အရေးပေါ် စစ်ဘေးရှောင်‌နေရသည်ဟု သိရသည်။

''မင်းတပ်မှာ ဖြစ်ပွားလာတဲ့ စစ်ပွဲများကြောင့် စစ်ရှောင်ဦးရေ ပြန်လည်တိုးပွားလာပြီး စခန်းမှာ လာရောက်ခိုလှုံရန် ဆက်သွယ်သူလည်း များပြားလာပါတယ်။ လက်ရှိ ကျောက်ထု စစ်ရှောင်စခန်းမှာ နေရာ မလုံလောက်တော့တဲ့အတွက် စစ်ဘေးရှောင်တွေကို လက်ခံရန် ခက်ခဲပါတယ်။ အဲဒီအတွက် Camp ဆောက်လုပ်ရန် ပစ္စည်းများ အလျင်အမြန် လိုအပ်‌နေပါတယ်၊ စစ်ရှောင် မိသားစုများအတွက် အနွေးထည်နှင့် စောင်များလည်း လုံလောက်မှုမရှိပါ၊ တစ်ဖက်တွင် ကလေးများအား စာသင်ကြားခြင်းလည်း ရှိနေသဖြင့် ကျောင်းသုံးပစ္စည်းများ လှူဒါန်းပေးကြပါရန်လည်း အကူညီတောင်းပါသည်'' ဟု ကျောက်ထု စစ်ဘေးရှောင် စခန်း စီမံခန့်ခွဲရေး ကော်မတီမှ ထုတ်ပြန်သည်။

လက်ရှိရောက်ရှိလာသော စစ်ဘေးရှောင် အများစုမှာ ထီးလင်းနယ်၊ ရွေအောင်သာရွာနှင့် ယခု တိုက်ပွဲ ဖြစ်နေသည့် တိုက်နယ်အမှတ်(၁)၊ တိုက်နယ်အမှတ်(၂) မှ လာရောက်သူ များပြားနေကြောင်း မင်းတပ်မြို့နယ်တွင် ယောဒေသဘက်မှ လာရောက်သည့် စစ်ရှောင်ဦးရေ ၃၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required