တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ဦးရေ ၂,၀၀၀ ကျော်အထိရှိဟုဆို

By ကိုရွှေမြိတ်
24 December 2021
တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင် ဦးရေ ၂,၀၀၀ ကျော်အထိရှိဟုဆို

ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံ ဦးရေ ၂, ၀၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ထံက သိရသည်။

စစ်ရှောင်အများစုမှာ တိုက်ပွဲ မကြာခဏ ဖြစ်ပွားသည့် မြို့နယ်များဖြစ်သည့် မြိတ်ခရိုင်ဘပုလောမြို့နယ်နှင့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေါန တနင်္သာရီ - စစ်ဘေးရှောင်များ အထောက် အကူပြုရေး အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက "ပြောရတာတော့ ခက်တယ်။ ပုလောဘက်မှာ ဆိုရင် စစ်ဘေးရှောင်တွေ တောထဲမှာနေတာ သုံးလ ‌​ကျော်နီးပါး ဖြစ်နေပြီ။ နောက်ပြီး ထားဝယ်ဘက် တောင်ပျောက်ဘက်နဲ့ ရေဖြူ ဘက်မှာလည်း နှစ်လ နီးပါး ရှိနေပြီ ဖြစ်တယ်" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့၏ ကောက်ယူထားသော စာရင်းများအရ စစ်​​ဘေးရှောင် အရေအတွက်မှာ ပုလောမြို့နယ် ဒူရင်းပင်ရှောင်ရွာ၊ မိကျောင်းသိုက်ရွာတို့တွင် ၁,၃၀၀ ဦး၊ ထားဝယ်မြို့နယ်ခေါင်တိုင်ပြင်ရွာ၊ ကမ်းကုန်ရွာ၊ ပဒိုင်းချောင်းရွာ၊ မြေးခန္ဓီရွာတွင် ၅၇၀ ဦး ရေဖြူမြို့နယ် သစ်ကတိုးရွာတွင် ၈၀ ဦး သရက်ချောင်းမြို့နယ် စော်ဖျားရွာ၊ တောင်ပျောက်ရွာတွင်လည်း ၁၆၀ ဦး စုစုပေါင်း ၂, ၁၁၀ ဦးရှိကြောင်း သိရသည်။

"တော်တော် များများ​​က​တော့ တောထဲမှာပဲ ရှိပါသေးတယ်။ တချို့ကတော့ စစ်ပွဲတွေနဲ့ ဝေးတဲ့ အနီးအနားက ရွာတွေမှာ ရှောင်နေကြရပါတယ်။ ရက်ရှည်လာတော့ အခက်အခဲတွေများလာတယ်။ အဓိက ကတော့ စားနပ်ရိက္ခာ ဆေးဝါးနဲ့ အဝတ်အစား အနွေးထည်​​တွေ လိုအပ်နေပါတယ်"ဟု အထက်ပါ အဖွဲ့က ပြောဆိုသည်။

မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့မှ စစ်ဘေးရှောင် ပြည်သူများထံ ကူညီပေးနိုင်ရန် အလှူရှင်များ လိုအပ်နေပြီး ကူညီပေးနေသည့် အဖွဲ့တချို့ ရှိနေသော်လည်း စစ်ကောင်စီဘက်မှ ဟန့်တား နှောင့်ယှက်မှုများရှိနေပြီး ရိက္ခာပို့သည့် လမ်းကြောင်း ပိတ်ထားကြောင်း ဒေသခံထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly