အိန္ဒိယက မြန်မာကို COVID-19 ကာကွယ်ဆေး ၁ သန်း ပေးအပ်

ဒီဇင်ဘာ ၂၃

မြန်မာနိုင်ငံကို ၂ ရက်တာ ခရီးစဉ်လာရောက်သည့် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ် ရှရင်ဂလာသည် ၎င်း၏ခရီးစဉ် ပထမရက်တွင် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ၁ သန်းကို မြန်မာထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုကာကွယ်ဆေးများကို မြန်မာနိုင်ငံ ကြက်ခြေအနီအသင်းမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

COVID-19 ကို တိုက်ဖျက်ရာတွင် အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်ရှိ ပြည်သူများအပါအဝင် မြန်မာပြည်သူများကို ထောက်ကူပံ့ပိုးရန်အတွက် ကာကွယ်ဆေးများကို လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက တွစ်တာတွင် ထုတ်ပြန်သည်။

နယူးဒေလီက ယခုနှစ် ဇန်နဝါရီလတွင် ယင်း၏ ကာကွယ်ဆေး ပြည်ပတင်ပို့မှုအစီအစဉ်ကို စတင်ခဲ့ချိန်တွင် အိန္ဒိယထုတ် ကာကွယ်ဆေးများကို လက်ခံရရှိသည့် ပထမဆုံးနိုင်ငံများထဲတွင် မြန်မာလည်း အပါအဝင် ဖြစ်ခဲ့သည်။ ပထမဆုံးအသုတ် ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၂ ရက်တွင် မြန်မာသို့ ပေးပို့ခဲ့သည်။ လက်ရှိအချိန်အထိ အိန္ဒိယသည် မြန်မာကို ကာကွယ်ဆေးပုလင်းပေါင်း ၄ ဒသမ ၇ သန်း ပေးပို့ထားပြီး ဖြစ်သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာ၏ ယခုခရီးစဉ်သည် မြန်မာတွင် ယခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှ အဆင့်မြင့်အရာရှိတစ်ဦး မြန်မာသို့ လာရောက်သည့် ပထမဆုံးခရီးစဉ် ဖြစ်သည်။

ယမန်နေ့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ ရှရင်ဂလာသည် မြန်မာခရီးစဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly