ပလိပ်ရဲခန်း ဗုံးပစ်ခံရ၊ ရဲများက ပစ်ခတ်၍ စက်ရုံဝန်ထမ်း ၁ ဦး သေဆုံးကာ၊ ၂ဦး ဒဏ်ရာရ

ပလိပ်ရဲခန်း ဗုံးပစ်ခံရ၊ ရဲများက ပစ်ခတ်၍ စက်ရုံဝန်ထမ်း ၁ ဦး သေဆုံးကာ၊ ၂ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၂၂ ရက်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ပလိပ်မြို့မ ရဲစခန်းကို ဒေသခံ ပြောက်ကျားအဖွဲ့များက ဗုံးပစ်တိုက်ခိုက်အပြီး ရဲများထွက်လာကာ ပစ်ခတ်မှုကြောင့် စက်ရုံဝန်ထမ်း တစ်ဦး သေဆုံးကာ၊ လ္ဘက်ရည်ဆိုင်မှ ပြန်လာသည့် လူငယ် နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၀ ရက် ည ၇ နာရီခန့်က ပုလိပ် ရဲစခန်း တိုက်ခိုက်ခံရမှုတွင် ရဲနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ LPDF (Sintgaing) က ထုတ်ပြန်ထားသည်။ 

''စခန်းရှေ့က ရဲကင်းမှာ ရဲ လေးငါးယောက် ပြုံနေတတ်တော့ ဗုံးပစ်တဲ့အချိန် နှစ်ယောက်သေပြီး နှစ်ယောက် ထိသွားတာပါ။ အဲ့မှာ စခန်းထဲက ရဲတွေထွက်လာပြီး လမ်းသွားလမ်းလာကိုပါ လိုက်ပစ်တော့တာ၊ ကျည်ထိထားတဲ့ ကောင်လေးဆိုရင် သူ့ဘာသူဆိုင်ရှေ့ ထိုင်နေတာတောင် အပစ်ခံရတယ်'' ဟု ပလိပ်ဒေသခံ တစ်ဦးက ပြောသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲများထွက်လာပြီး ပစ်ခတ်မှုကြောင့် ရဲစခန်းရှေ့မှ ဖြတ်သွားသည့် အသက် (၂၅) နှစ်အရွယ် EABC စက်ရုံဝန်ထမ်း ကိုမျိုးဝင်းထွန်း ကျည်သုံးချက်ထိကာ သေဆုံးခဲ့ကြောင်း ၎င်း၏ ရုပ်အလောင်းကို ရဲများက ညတွင်းချင်း ကားဖြင့်တင်ကာ သုသာန်တွင် စွန့်ပစ်ခဲ့သည်ဟုလည်း ဆိုသည်။ ကိုမျိုးဝင်းထွန်းသည် ပဲခူးဇာတိဖြစ်ပြီး ပုလိပ်မြို့တွင် စက်ရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ 

ယင်းအပြင် လ္ဘက်ရည်ဆိုင်မှ ပြန်လာသည့် လူငယ်နှစ်ဦးကိုလည်း ကျည်ထိမှန်ခဲ့ပြီး တစ်ဦးကို ရှပ်ထိပြီး နောက်တစ်ဦးမှာ ပေါင်ကို ကျည်ဆံထိမှန်ခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ဒီဇင်ဘာ ၂၂ရက် နေ့လယ်ပိုင်းတွင် ဆေးရုံက ဆင်းနိုင်ပြီဟုလည်း ဒေသခံက ပြောသည်။ 

တိုက်ခိုက်မှုကို စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ LPDF (Sintgaing) နှင့် HQ မြို့ပြ ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပလိပ်မြို့ စည်ပင်ရုံး နှင့် ရဲစခန်းကို လက်ပစ်ဗုံး နှစ်လုံးသုံးကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ပုလိပ်စည်ပင်ရုံးအား ဗုံးပစ်တိုက်ခိုက်ခဲ့ရခြင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က အသံတိတ် သပိတ်တွင် ပါဝင်ခဲ့သော ပလိပ်ဈေးသူ ဈေးသားများကို စည်ပင်ရုံးမှ ခြိမ်းခြောက်စာပို့သည့် အတွက် ဖြစ်ကြောင်း (LPDF sintgaing) က ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required