အသတ်ခံရသော သီရိလင်္ကာနိုင်ငံသား၏ မိသားစုကို နစ်နာကြေးပေးမှု မြန်ဆန်စွာ လုပ်ဆောင်ရေး ပါကစ္စတန်ကို သီရိလင်္ကာ တိုက်တွန်း

အသတ်ခံရသော သီရိလင်္ကာနိုင်ငံသား၏ မိသားစုကို နစ်နာကြေးပေးမှု မြန်ဆန်စွာ လုပ်ဆောင်ရေး ပါကစ္စတန်ကို သီရိလင်္ကာ တိုက်တွန်း

ယခုလအစောပိုင်းက ပါကစ္စတန်နိုင်ငံ ဆီယယ်ကော့တ်ဧရိယာတွင် လူအုပ်စုတစ်စု၏ ဝိုင်းဝန်းသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည့် သီရိလင်္ကာနိုင်ငံသား၏ ကျန်ရစ်သူမိသားစုအား နစ်နာကြေးပေးချေမှုကို မြန်ဆန်သွက်လက်စွာ လုပ်ဆောင်ရေးအတွက် အီမရန်ခန်း အစိုးရကို သီရိလင်္ကာက တိုက်တွန်းတောင်းဆိုခဲ့သည်။

အသတ်ခံရသည့် သီရိလင်္ကာနိုင်ငံသား၏ ကျန်ရစ်သူမိသားစုအတွက် ငွေကြေးပိုင်းဆိုင်ရာ လုံခြုံစိတ်ချမှုနှင့် နစ်နာကြေးရရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဂျီ အယ်လ် ပီအီရစ်က ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က ကိုလံဘိုမြို့ရှိ ခေတ္တပါကစ္စတန်သံအမတ် တန်ဗီအာ အာမက်ဒ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပါကစ္စတန်နိုင်ငံ ဆီယယ်ကော့တ် ခရိုင် ဝါဇီရာဘတ်လမ်း ဧရိယာတွင် လူအုပ်တစ်စုက သီရိလင်္ကာနိုင်ငံသားတစ်ဦးဖြစ်သော ပရီယန်သာ ကုမာရ ဒီယာဝါဒါနာကို ဘာသာရေးစော်ကားသည်ဟု စွပ်စွဲပြီး ဝိုင်းဝန်းညှင်းပန်းနှိပ်စက် သတ်ဖြတ်ကာ ၎င်း၏ အလောင်းကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

အသတ်ခံရသည့် ပရီယန်သာ ကုမာရ၏ မိသားစုအတွက် တရားမျှတမှုရရှိရေးအတွက် ပါကစ္စတန်အစိုးရဘက်မှ လိုအပ်သော လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်း ပီအီရစ်က ထုတ်ဖော်ခဲ့သည်ဟု သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့ပြင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှား မာမွတ် ကူရီရှီကလည်း ဒီဇင်ဘာ ၄ ရက်က ၎င်းထံ ဖုန်းဆက်ပြောဆိုခဲ့စဥ်အတွင်း " ပရီယန်သာ အသတ်ခံရမှုဖြစ်စဥ်အတွက် ဝမ်းနည်းကြောင်း ပြောဆိုခဲ့ပြီး ထိုဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းအချက်အလက်အားလုံးကို သီရိလင်္ကာထံ အဆောလျင်ဆုံး ထုတ်ဖော်အသိပေးသွားမည်ဟု ကတိပြုခဲ့သည်" ဟု သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ပီအီရစ်က ပြောသည်။

တချိန်တည်းမှာပင် ပရီယန်သာ အသတ်ခံရမှုဖြစ်စဥ်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရေး တာဝန်ယူညွှန်ကြားလုပ်ဆောင်ထားခဲ့သလို စုံစမ်းစစ်ဆေးမှု ချက်ချင်းလုပ်ဆောင်စေရေး လိုအပ်သည့် ညွှန်ကြားမှုများ လုပ်ဆောင်ပေးထားခဲ့သည့် ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း၏ ဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ကြောင်း သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ထို့ပြင် ဆီယယ်ကော့တ်ရှိ စီးပွားရေးအသိုက်အဝန်းတစ်ခုက ကန်ဒေါ်လာ ၁၀၀,၀၀၀ လှူဒါန်းကြောင်း ကြေညာမှုနှင့် ပရီယန်သာ ကုမာရ၏ ကျန်ရစ်သူဇနီးကို လစဥ်လစာငွေ ပေးချေမည့်အကြောင်း ကြေညာမှုကို ကြိုဆိုကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly