ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် အထိနာနေသည့် စစ်ယာဉ်တန်း

ပုလဲ - ဂန့်ဂေါလမ်းပိုင်းတွင် အထိနာနေသည့် စစ်ယာဉ်တန်း

ဒီဇင်ဘာလ ၂၁ ရက်

ပုလဲမြို့မှ ဒီဇင်ဘာလ ၁၄ ရက်တွင် စတင် ထွက်ခွာလာသော ကား ၅၈ စီးပါ စစ်ကောင်စီ ယာဉ်တန်းသည် ပုလဲ-ဂန့်ဂေါ လမ်းတစ်လျှောက် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ချုံခိုမိုင်းခွဲ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ပုံမှန်အားဖြင့် ပုလဲနယ်မှ ဂန့်ဂေါနယ်ထဲသို့ ရောက်ရန် တစ်နာရီ အချိန်ခန့်ဖြင့် မောင်းနှင်နိုင်သော်လည်း အဆိုပါ စစ်ယာဉ်တန်း ပုလဲမြို့မှ ထွက်ခွာလာသည်မှာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် တစ်ပတ် ပြည့်ပြီ ဖြစ်သည်။ တစ်ပတ်ပြည့်သည့် နေ့မှပင် ထိုစစ်ယာဉ်တန်းသည် ဂန့်ဂေါနယ်ထဲသို့ ရောက်တော့သည်။

ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင်လည်း နံနက် ၂ နာရီမှ စကာ ဗိုလ်နဂါး ဦးဆောင်သည့် ဒေသခံ တော်လှန်ရေးအဖွဲ့က မိုင်းအလုံးရေ ၆၀ ကျော်သုံးပြီး နေရာသုံးခုတွင် ထိုစစ်ကြောင်းအား ဖောက်ခွဲတိုက်ခိုက် လိုက်သည်။

“ပုလဲမြို့နယ်ထဲကို ဝင်လာတုန်းကတော့ ကားက ၅၈ စီး။ တစ်လမ်းလုံး မိုင်းခွဲခံရလိုက်၊ နောက်ကြောင်း ပြန်ဆုတ်တဲ့ အစီးတွေကလည်း ဆုတ်လိုက်၊ ပြန်အင်အားဖြည့်လိုက်နဲ့ တဖြည်းဖြည်းချင်း ရွေ့နေတာ” ဟု ပုလဲနယ်မှ တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

ဒေသခံတော်လှန်ရေးတပ်များ စစ်ကောင်စီတပ်ကို ယနေ့ နေရာသုံးနေရာတွင် တိုက်ခိုက်ခဲ့ရာ ပုလဲ-ဂန့်ဂေါ လမ်းမပေါ်ရှိ ၅၈ မိုင်နှင့် ၅၉ မိုင်တွင် တစ်ကြိမ်၊ အင်တောပြန့်ရွာ အနီးတွင် တစ်ကြိမ်နှင့် ခင်အေးရွာ အနောက်ဘက်တွင် တစ်ကြိမ်တို့ ဖြစ်သည်။

“ဒီနေ့ဆိုရင် ပုလဲ-ဂန့်ဂေါ လမ်း ၅၈ မိုင်နဲ့ ၅၉ မိုင်ကြားမှာဆိုရင် မိုင်း ၄၁ လုံးကွဲတယ်။ ကျွန်တော်တို့ မိုင်းတွေက ပြင်းအားကြီးတဲ့ မိုင်းတွေ။ မီးလောင်တာမျိုးတော့ မရှိဘူးပေါ့။ ကားပေါ် ပါလာတဲ့ သူတွေကိုတော့ ထိခိုက်နိုင်တယ်။ ပြင်းအားက ဘယ်လောက်ရှိလဲဆိုရင် ကားတစ်စီး ပက်လက်ကို လန်သွားတာဗျာ။ ပေါက်တာကလည်း အတွဲလိုက်ဆိုတော့ အားအဲ့လောက်ထိ ပြင်းတယ်။ သူတို့ဘက်ကလည်း မိုင်းကွဲပြီဆိုတာနဲ့ ပြန်ပစ်တော့တာပဲ” ဟု မိုင်းမိသည့် စစ်ကောင်စီ ယာဉ်တန်း အခြေအနေကို ဗိုလ်နဂါးက ပြောသည်။

အဝေးမှ ထိန်းချုပ်ရသည့် မိုင်းများ အသုံးပြု တိုက်ခိုက်ကာ တူမီးများနှင့် ဝိုင်းဝန်းပစ်ခတ်သည့် အတွက် စစ်ကောင်စီတပ်သားများ အသေအပျောက် များနိုင်သည်ဟု ဗိုလ်နဂါးက သုံးသပ်သည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ ရုပ်ပုံများနှင့် မှတ်တမ်းများကိုမူ တိုက်ပွဲအကြား မှတ်တမ်းတင်ရန် ခက်ခဲသည့်အတွက် အရေအတွက် အတည်မပြုနိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်တွင် ဂန့်ဂေါနယ်ရှိ နှမ်းခါးရွာကို စစ်ရဟတ်ယာဉ် ခြောက်စီး အသုံးပြုကာ တိုက်ခိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်။

“ကြာလေ တိုက်ပွဲက ပြင်းထန်လေပေါ့ဗျာ။ ဒါပေမဲ့ တစ်ခုရှိတာက တစ်နေရာထဲမှာ တိုက်ပွဲ ပြင်းထန်နေမယ်ဆိုရင်တော့ စစ်ကောင်စီက အဲ့ဒီနေရာကို အင်အားသုံးပြီး ဖိနိုင်တာပေါ့။ တစ်နိုင်ငံလုံး နယ်အနှံ့ကသာ ထကြွမယ်ဆိုရင် စစ်တပ်က စစ်မျက်နှာ ဖြန့်ရမှာ။ ဒါဆိုရင်တော့ ပိုပြီး လွယ်လွယ်ကူကူနဲ့ စစ်ကောင်စီကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် သွေးပျက်နေသည့်အကြောင်းလည်း ဗိုလ်နဂါးက ပြောသည်။

“အရင်ထဲက လက်ရုံးရည် နှလုံးရည် ယိုယွင်းနေရာက ခုပြည်သူနဲ့ ဆန့်ကျင်ဘက် အလုပ်ကို လုပ်ကြတာ။ ဒါကြောင့်လည်း ပြည်သူက လက်နက်ကိုင် တော်လှန်တာကို သွေးရူးသွေးတန်း ဂုဏ်သိက္ခာမဲ့စွာနဲ့ လေကြောင်းတွေနဲ့ ပစ်ခတ်တာတွေလုပ်လာလို့ ကျွန်တော်မြင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယခု အင်အားအပြည့် ပါသည့် စစ်ယာဉ်တန်းသည်လည်း ဂန့်ဂေါနယ်ဘက်သို့ ချီတက်နေသည့် အတွက် တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သည်ဟု ဒေသခံ တော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly