မုံရွာ-အရာတော်လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရ

မုံရွာ-အရာတော်လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲခံရ

ဒီဇင်ဘာ ၂၁

မုံရွာ-အရာတော် လမ်းပိုင်းတွင် မုံရွာမြို့မှ အရာတော်မြို့သို့ သွားသည့် စစ်ကောင်စီ ရိက္ခာတင်ကား သုံးစီးကို ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သပြေညို ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"စစ်ကောင်စီရဲ့ ရိက္ခာပို့တဲ့ကား သုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်။ တစ်စီးက လုံးဝ ထိုးရပ် သွားတယ်။ ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သားတွေ ပါလာတဲ့ ကားကိုတော့ ရှေ့ထွက်မိုင်းတွေနဲ့ ခွဲလိုက်တာ။ တော်တော်များများ ဒဏ်ရာရနိုင်တယ်" ဟု ၎င်းက ပြောသည်။

ထိုနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင်လည်း ပျူစောထီးနှင့် စစ်တပ် ပူးပေါင်း ကားတစ်စီးကို ယင်းလမ်းကြောတွင် ရှေ့ထွက် မိုင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်ဟု ၎င်းက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ခုကြောင့် စစ်ကောင်စီဘက်မှ ဒဏ်ရာအများအပြား ရရှိနိုင်ပြီး သေဆုံးသူလည်း ရှိနိုင်သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ဟု ၎င်းက ပြောသည်။

ယင်းလုပ်ဆောင်မှုကို Ayadaw Falcon Froce (AF2) နှင့် တမန်တော် ပြောက်ကျားတပ်ဖွဲ့ (APOSTLE) တို့က ဦးဆောင်၍ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Knight of The Red Land (KORL)တပ်ဖွဲ့၊ Ayadaw Bone Naing PDF (A.B.N PDF)၊ People's Guerillas Commendo-Myinmu(PGC)၊ M.R.T.F တပ်ဖွဲ့နှင့် The Guys of Burma Revolution Force (GBRF) အဖွဲ့ စသည့် တော်လှန်ရေးညီနောင် ရှစ်ဖွဲ့ နှင့် ပတ္တမြားညီနောင် အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၁၂ ရက်ကလည်း အရာတော်-မုံရွာလမ်းတွင် အရာတော်မြို့မှ မုံရွာမြို့သို့ သွားနေသော စစ်ကောင်စီ၏ အိမ်စီးကား နှစ်စီး မိုင်းဆွဲခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required