သေနတ်ထောက်ပြီး ရေမဆေးကျောက် သိမ်းယူခဲ့သည့် KIA တပ်ဖွဲ့ဝင်များ စီးနင်းလာသော ကား ၂ စီး မီးရှို့ဖျက်ဆီးခံရ

သေနတ်ထောက်ပြီး ရေမဆေးကျောက် သိမ်းယူခဲ့သည့် KIA တပ်ဖွဲ့ဝင်များ စီးနင်းလာသော ကား ၂ စီး မီးရှို့ဖျက်ဆီးခံရ

ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ကျေးရွာအနီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသည့် ကျောက်စိမ်းလုပ်ကွက်တွင် ရေမဆေးကျောက် ရှာဖွေသူများနှင့် KIA တပ်ဖွဲ့အချို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင်များ ခေတ္တရပ်နားချိန် ရေမဆေးကျောက် ရှာသူများ ဝင်ရောက်ရှာဖွေ ရရှိလာသော ကျောက်ကို KIA တပ်ဖွဲ့ဝင် နှစ်ဦးက သေနတ်ထောက် ခြိမ်းခြောက်ပြီး အဓမ္မ သိမ်းဆည်းခဲ့ ကြောင်း ဆိုသည်။

ယင်းနောက် သေနတ်ထောက် ခြိမ်းခြောက်သူ နှစ်ဦးကို ရေမဆေးသမားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြရာ သေနတ်များ ပစ်ဖောက် ထွက်ပြေးသဖြင့် တစ်ဦးကိုသာ ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့စီးလာသည့် ကားနှစ်စီးကိုလည်း ရေမဆေးကျောက် ရှာဖွေသူများက မီးရှို့ဖျက်ဆီးလိုက်ကြောင်း အမည်မဖော်လိုသည့် ရေမဆေးသမား တစ်ဦးက ပြောသည်။

"သူတို့က သေနတ်ဖောက်ပြီး အနားမကပ်ကြနဲ့လို့ ခြိမ်းခြောက်တာပေါ့။ ကျွန်တော်တို့ ရေမဆေးသမားတွေ ကလည်း ဒီကောင်တွေ ရေမဆေးသမားတွေအပေါ် လက်နက်ပြပြီး အနိုင်ကျင့်တာ များနေတော့ မခံချင်စိတ်နဲ့ အသေခံပြီး ဝိုင်းဖမ်းတာပေါ့။ တစ်ယောက်ပဲမိတယ်၊ သတ်ပါ့မယ်လုပ်လို့ မနည်းတားထားရတာ၊ နောက်ဆုံးတော့ ကားနှစ်စီးပဲ မီးရှို့လိုက်ရတယ်" ဟုပြာသည်။

KIA တပ်ဖွဲ့ဝင်များ စီးလာသည့် မစ်ဆူဘီရှီ ပါဂျဲရိုးကားတစ်စီးနှင့် တိုယိုတာ အမျိုးအစား ကားတစ်စီးကို ရေမဆေး ရှာဖွေသူများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

KIA တပ်ဖွဲ့ဝင်များသည် ရေမဆေးကျောက် ရှာဖွေသူများ ရရှိသည့် ကျောက်များကို မကြာခဏ အနိုင်ကျင့် သိမ်းယူခဲ့သည့် ဖြစ်စဉ်များသာမက တစ်ပိုင်တစ်ပိုင် တူးနေသည့် ကျင်းများ အဓမ္မသိမ်းယူခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သောကြောင့် ယခုကဲ့သို့ ပဋိပက္ခ ကြီးထွားလာရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"ရေမဆေးသမားတွေ ကျောက်ကောင်းရတယ်ကြားရင် ဘာမပြော ညာမပြော KIA က လာသိမ်းသွားတာပဲ၊ တချို့ဆို တစ်ပြားမှတောင်မရဘူး၊ တချို့လည်း သူတို့ပေးချင်သလောက် ဈေးဖြတ်ပြီး ကျောက်ကို သိမ်းသွားတာများတယ်။ ဒါမျိုးတွေက မဖြစ်သင့်တော့ဘူး၊ ကျားကြောက်လို့ ရှင်ကြီးကိုးတာ၊ ရှင်ကြီးက ကျားထက်ဆိုးနေပြီဗျ" ဟု ပြောသည်။

တစ်ပိုင်တစ်နိုင် လက်ကျင်းတူးရာတွင်လည်း KIA တပ်ဖွဲ့ဝင်များထံက ကျင်းဝယ်တူးရပြီး စက်ယန္တရားများနှင့် တူးသည့်အချိန် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မပေးဘဲ ကျင်းများကို အဓမ္မသိမ်းယူခဲ့သည်များလည်း ရှိကြောင်း ဆက်ပြောသည်။

"လက်ကျင်းတူးတော့လည်း သူတို့ဆီက ကျင်းဝယ်တူးရတယ်။ အစုလည်း ထပ်ပေးရတယ်ဗျာ။ စက်ယန္တယားနဲ့ လုပ်တဲ့အချိန်ကျတော့ ကျွန်တော်တို့ ကျင်းတွေ ဒီအတိုင်း အသလွတ်ကြီး လာသိမ်းသွားတယ်" ဟုပြောသည်။

ယခုဖြစ်ပွားသည့် KIA တပ်ဖွဲ့ဝင်များနှင့် ရေမဆေး ရှာဖွေသူများ၏ ပြဿနာကို ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာရုံးက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြေရှင်းပေးနေသည်ဟု သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း ဖားပြင်ရွာသားတစ်ဦးက ပြောသည်။

ဖားကန့် ရတနာနယ်မြေတွင် တရားမဝင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းအားလုံးကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များက စီမံဆောင်ရွက်နေခြင်း ဖြစ်ပြီး၊ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်တပ်ကလည်း စက်ယန္တယား တစ်စီး တစ်လ သိန်းသုံးဆယ်ဖြင့် လစဉ်ကြေး ကောက်ခံကာ ခွင့်ပြုထားကြောင်း မဇ္ဈိမက ကွင်းဆင်းစုံစမ်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required